Non Poor

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Non Poor as PDF for free.

More details

  • Words: 2,529
  • Pages: 14
ဆင်းရဲ သား ပပျောက်ရေးတရားတော်

ဆင်းရဲသား ပပျောက်ရေး အရှင်သုဒဿနာဘိဝံသ ဗိုလ်တောင်ဆရာတော်(မြိတ်)

အမှာစကား (၀ါ) ဆင်းရဲသားပပျောက်ရေး

ဒီတရားတော်ကို နာကြားဖတ်ရှုပြီးတဲ့အခါမှာ ``ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ မဖြစ်မနေ

အကောင်အထည် ဖော်ရမည့်အလုပ် ´´ လို့သဘောပေါက်ပြီး အကောင်အထည်ဖော်တဲ့အခါမှာတော့ ခေတ်ကာလ. ပတ်ဝန်းကျင်. လူတို့၏ စိတ်နေစိတ်ထား. လူတို့၏ စရိုက်အခြေအနေ. တွေကို

ထည့်သွင်းစဉ်းစားပြီး အဖြစ်နိုင်ဆုံး၊ အထိရောက်ဆုံး၊ အလွယ်ကူဆုံး၊ အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် နည်းအမျိုးမျိုးနှင့် အကောင်အထည်ဖေါ်ဖို့ လိုပါလိမ့်မယ်။ ဘုန်းကြီးတို့ နားလည်သဘောပေါက်တာကတော့ ဘယ်အရာမဆို အကျဉ်းမှ စ၍ အကျယ်ချဲ့ယူခြင်း၊ အထပ်ထပ် အခါအခါ လေ့ကျင့်ပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတွေ

ပြုလုပ်ပေးပြီးတော့မှ ပွါးများယူခြင်းတွေဟာ အလုပ်ကြီးတွေအတွက် အသင့်လျော်ဆုံး လို့ယူဆပါတယ်။ `` ဘာကြောင့် အဲဒီလို ပြောရသလဲ´´ ဖြစ်စေသတည်း ဆိုလျှင် အရာရာဖြစ်စေနိုင်တဲ့၊ ဖန်ဆင်းလိုသမျှ ဖန်ဆင်းနိုင်တဲ့၊

အလွန်တန်ခိုးကြီးမားတဲ့၊ ဈာန်အဘိဥာဉ် ရတဲ့ သမာဓိ စွမ်းအားရှင်ကြီးတွေတောင် လိုအပ်တဲ့ သမာဓိ စွမ်းအား၊ လိုအပ်တဲ့ တန်ခိုးဈာန်အဘိဥာဉ် တွေ အပြည့်အစုံ ရရှိပြီးတာတောင်မှ စောစောက ပြောခဲ့သလို အကျဉ်းမှ အကျယ်၊ အနီးမှ အဝေး၊ အသေးမှ အကြီး၊ အလွယ် မှ အခက်၊ တဖြည်းဖြည်းချင်း ချဲ့ယူခြင်း၊ လေ့ကျင့်ခြင်း တွေ အထပ်ထပ်အခါခါ ပြုလုပ်ပေးပါမှ လိုချင်တဲ့အတိုင်း အတာ ကို အပြည့်စုံဆုံး၊ အလျင်မြန်ဆုံး၊ ဖန်ဆင်းနိုင်တယ်လို့ ဗုဒ္ဓကျမ်းစာ တွေထဲမှာ တွေ့ရပါတယ်။

လေ့ကျင့်မှု အခါခါအထပ်ထပ် စမ်းသပ်မှုပြုစု ပျိုးထောင်မှု ၊ ဆန့်ကျင်ဘက်တွေ

ဝေးသထက်ဝေးအောင် ဖယ်ရှား သန့်စင်ပေးရမှုတွေကို စွမ်းအား တကာတွေထက် စွမ်းအားအထက်ဆုံး သမာဓိ စွမ်းအားရှင်၊ တန်ခိုးရှင်ကြီးတွေသော်မှ ပြုလုပ်ရပါသေးတယ် ဆိုလျှင် အခြားအခြားသော လောက ဖန်တီးရှင်တွေအတွက် ပြောစရာတောင် လိုမည် မထင်ပါ။ ဖြစ်သင့်ဖြစ်ထိုက်တာ ဆိုလျှင် ဘယ်လောက်ခက်ခဲတဲ့ အရာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမှာပဲ ရှိရှိ ဘာအကြောင်းကြောင်းတွေ က ပဲ ခံနေနေ မဖြစ်ဖြစ်အောင် လုပ်နိုင်ဖို့ ဆိုတာ အရေးကြီးဆုံးပေါ့။ ဒီတော့ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေးတရားတော် ကို နာယူပြီးတဲ့အခါမှာ ဘုရားဟောလည်း ဖြစ်ပြန်၊ အတိတ်က သာဓကတွေလည်းရှိ၊ ပစ္စုပ္ပန်မှာ လည်း လက်တွေ့ရှိနေတဲ့ သာဓကတွေကို (ဘင်္ဂလားဒေ့ရှ်မှ ပါမောက္ခ တစ်ယောက် အသေးစား ငွေချေးဘဏ် ထူထောင်ရာမှာ

အောင်မြင်နေကြောင်း) ဖတ်ရှု ကြားသိနေကြရတာဖြစ်လို့ သဘောတူရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး လိုအပ်သမျှ ကြိုတင် ပြင်ဆင် ဆောင်ရွက်၍ နည်းအမျိုးမျိုး ထိုက်သင့်သလို သုံးပြီး ပြုလုပ်သင့် ကြပါတယ်။ ဒါကြောင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး (၀ါ) ဆင်းရဲသားပယ်ဖျက်ရေး တရားတော်ကို ပြုစု ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ အရှင်သုဒဿနဘိဝံသ ဗိုလ်တောင်ဆရာတော်(မြိတ်)

(အနိစ္စ ဒုက္ခ အနတ္တ ရုပ်နာမ်ငြီးငွေ့ ၀ိပဿနာ တရားတွေချည်းတွင်တွင် ဟောပြောနေတဲ့ ခေတ်ကာလ မှာ ဗိုလ်တောင်ဆရာတော်လို လင်္ကာရအဘိဝံသ ဘွဲ့ရ ဆရာတော်ကြီးတစ်ပါးရဲ့ ဆင်းရဲ

ပပျောက်ရေးတရား ကို ဖတ်ရှု ရတဲ့အခါ များစွာ ကြည်ညိုလေးစား ရပါတယ်။ လက်ရှိ မျက်မှောက် လူမှု ဒုက္ခ အ၀၀ ကို လစ်လျူရှုမထား.. ခေတ်စနစ်နဲ့ အညီ လိုအပ်ချက် ကို ဗုဒ္ဓအဆုံးမ နဲ့ အညီ

လမ်ညွှန်ပေးတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ အဆိုပါဆရာတော်ကြီးဟာ ၆ ဘာသာဂုဏ်ထူးရှင်

ပထမကျော် ဓမ္မာစရိယ အရှင်ဆန္ဒာဓိက ရဲ့ ဆရာတစ်ဆူလည်း ဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆင်းရဲသား ပပျောက်ရေးတရားတော် စာအုပ် ပါ တရားအားလုံးကို ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ရယူပြီးဆက်လက်ဖေါ်ပြပေးသွားပါ့မယ်)

ဆင်းရဲသား ပပျောက်ရေးတရားတော်..( ၂ ) ဆင်းရဲသား ပပျောက်ရေး (၀ါ)

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး

ဒီဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကို အစိုးရ စီမံကိန်း များနှင့် ဖော်ထုတ်/ အားပေးလို့ ရသလို

တစ်နိုင်တစ်ပိုင် ဒေသတွင်း၊ ရပ်ရွာတွင်း၊ မိသားစု တွင်းမှာလည်း ပြုလုပ်နိုင်ပါတယ်။

ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး ဆိုတာ သက်ရှိလူ့ လောက အတွက် တကယ်ပဲ အရေးအကြီးဆုံးပါပဲ။ ဆင်းရဲမွဲတေမှု မတိုက်ဖျက်နိုင်လျှင် လူတွေရဲ့ အကျင့်စာရိတ္တ ကိုလည်း ထိန်းမထားနိုင်တော့ပါဘူး။ အကျင့်စာရိတ္တတွေ ချို့ယွင်းပျက်စီးလာလျှင် အစားအသောက်၊ ကျန်းမာရေးကအစ

အလုံးစုံထိခိုက်ပျက်စီးပြီး သက်တမ်းတွေပါ ထိုးကျသွားနိုင်ပါတယ်။ အေးချမ်းသာယာ

ပျော်ရွှင်ဖွယ်တွေကို လူလုပ်ရင် လုပ်သလောက် ဖြစ်နိုင်တဲ့ အတွက် သုဂတိဘုံလို့ သတ်မှတ်ထားရတဲ့ လူ့လောက ၀န်းကျင်တစ်ခုလုံးဟာ ဒုဂတိဘုံ နှင့် မခြား ပူလောင်ဆူပွက်၍ လူလုပ်တဲ့ ကပ်ဘေး သဘာဝကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေ အနှိပ်စက်ခံရပြီး ရုန်းထွက်မရတဲ့ ဒုက္ခဘုံကြီးလို ဖြစ်သွားနိုင်ပါတယ်။

အကျင့်စာရိတ္တ ပျက်စီးလျှင် မိမိခန္ဓာကိုယ်တွင် သြဇာဓာတ်တွေ ညံ့ဖျင်းသွားသလို စာရိတ္တပျက်သူ လူအများစုဖြစ်လာလျှင် ပတ်ဝန်းကျင်မြေဆီ မြေလွှာမြေသြဇာ တွေပါ ညံ့ဖျင်းသွားတတ်ပါတယ်။ စာထဲ၌ သြဇာဓာတ်တွေ အောက်သို့ လျော့ကျသွားတတ်တယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်မြေဆီသြဇာဓာတ်တွေ ညံ့ဖျင်းသွားလျှင်လည်း အပင်သီးနှံများလည်း

သြဇာဓာတ်ညံ့ဖျင်းသွားတတ်ပါတယ်။ သြဇာဓာတ်ညံ့ဖျင်းသော အပင်မှ အသီးအပွင့်စတာတွေ စားရလျှင် ဆိုင်ရာအာဟာရဓာတ်သတ္တိတွေကို ဆောင်ခြင်းငှာ မစွမ်းနိုင်တော့ပါဘူး ရောဂါတွေ

ထူပြောလာတတ်ပါတယ်။ အာဟာရဓာတ် ညံ့ဖျင်းသည်မှအစ ရောဂါအမျိုးမျိုး အသစ်အဆန်း ပေါ်ပေါက်၍ ကျန်းမာရေးတွေပါ ထိခိုက်လာတတ်ပါတယ်။

လောကတစ်ခုလုံးရဲ့ အတက်အကျဟာလည်း လူသာပဓာန ဖြစ်နေပါတယ်။ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စာရိတ္တမြင့်မားလျှင် တစ်လောကလုံး မြင့်နေတတ် ပါတယ်။ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စာရိတ္တ နိမ့်ကျလျှင် တစ်လောကလုံး နိမ့်ကျနေတတ်ပါတယ်။( အများစုပြောတာပေါ့)

ဆိုလိုတာက လောကကြီးတစ်ခုလုံးကိုမြင့်ရာမှ နိမ့်အောင် လူတွေလုပ်နိုင်သလို နိမ့်ရာမှ မြင့်အောင်လည်း လူတွေကပဲ လုပ်နေကြတာပါ။ ဒီတော့ လူဖြစ်နေတဲ့ မိမိတို့ရဲ့ အစွမ်းသတ္တိတွေကို

လျှော့မတွက်သင့်ပါဘူး။ လူတွေရဲ့ ရဲစွမ်းသတ္တိဟာ နတ်တွေထက်တောင် မြင့်တယ်လို့ ဘုရားဟော ရှိပါတယ်။

စကြာမင်းကြီး ခုနှစ်ဆက် မြတ်စွာဘုရားက စက္က၀တ္တိသုတ္တန် မှာ လွန်ခဲ့တဲ့ အနှစ်ရှစ်သောင်းတန်းလောက်က စကြာမင်းကြီး ခုနှစ်ဆက် ပွင့်ခဲ့ကြောင်း ဟောတော်မူခဲ့ပါတယ်။ အဖေစကြာမင်း သားစကြာမင်း ဆိုသလို စကြာမင်းချည်း ခုနှစ်ဆက် ပွင့်ခဲ့တာပါ၊ ခုနှစ်ဆက်မြောက် စကြာမင်းကြိးရဲ့ သားတော်ကြီး

လက်ထက်ရောက်တော့ အဖြစ်ဆိုးနှင့် ကြုံကြရတော့တာပါပဲ။ ဖြစ်ပုံက ဒီလိုပါ၊ စကြာမင်းကြီးက သားကြီးရတနာကို နန်းအပ်ပြီး တောထွက် ရသေ့ ၀တ်လို့ ခုနှစ်ရက်မြောက်တဲ့ နေ့မှာ စကြာရတနာ ကြီး ကွယ်ပျောက်သွားပါတယ်။ ဒါကတော့ ထုံးစံပါ။ စကြာမင်းကြီးတွေ နတ်ရွာစံ လို့ ခုနစ်ရက်မြောက်တဲ့

အခါမှာ ဖြစ်စေ တောထွက် ရသေ့ ရဟန်းဝတ်လို့ ခုနစ်ရက်မြောက်တဲ့ အခါမှာ ဖြစ်စေ စကြာရတနာဟာ အလို အလျောက် ကွယ်ပျောက်သွားမြဲဖြစ်ပါတယ်။ စကြာရတနာ ဆိုတာ စကြာမင်း ကြီးတွေရဲ့ ဘုန်းကံကြောင့် ဖြစ်လာတဲ့ ရတနာ အတိပြီးတဲ့ လှည်းဘီး ကြီးလို ဟာမျိုးပါ။ စကြာရတနာကြီး

ဆိုက်ရောက်လာလို့ ကောင်းကင်သို့ ကြွတက်ပြီး စတင်လည်ပတ်သည် နှင့် တစ်ပြိုင်နက် စကြာမင်းဖြစ်ပြီလို့ ဆုံးဖြတ်ကြရတာပါ။

ဆင်းရဲသား ပပျောက်ရေးတရားတော် (၃) လေးကျွန်း တစ်မြင်းမိုရ် ပိုင်ပါတယ်။ ဘယ်လူသားမှ ဆန့်ကျင်ဘက်အဖြစ် မရပ်တည်နိုင်ပါဘူး။

ဒါလောက် ဘုန်းတန်ခိုးအာနုဘော် ကြီးပါတယ်။ စကြာမင်းကြီးတွေရဲ့ ခေတ်ဆိုတာ လူ့လောကဟာ နတ်ပြည်ကြီးအတိုင်းပါပဲ။ လုံးဝအေးချမ်းသာယာပါတယ်။ ရတနာမျိုးစုံ ပေါများကြွယ်ဝ သလို အစာရေစာ ဆိုတာလည်း ပြောစရာမလိုအောင် ပြည့်စုံပါတယ်။ စကြာရတနာ ကြီးရဲ့ တန်ခိုးနဲ့ တစ်ဆယ့်နှစ်ယူဇနာ အ၀န်းအ၀ိုင်းလောက်ရှိတဲ့ လူအုပ်ကြီးတွေတောင် ကောင်းကင်ပျံတက်၍ လေးကျွန်းတစ်မြင်းမိုရ် လှည့်ပတ်သွားလာ နိုင်ပါတယ်။ လူ့လောက ကြီးရဲ့ အသာယာဆုံး အကောင်းဆုံး ခေတ်ဆိုတာ

စကြာမင်းကြီးတွေရဲ့ ခေတ်ပါ။ ဆင်းရဲသား ဆိုတာလည်း (လုံးဝ)၂ မရှိပါဘူး။ ဆင်းရဲနိုင်တဲ့ ကံပါလာတဲ့ သူတွေတောင် အကောင်းဆုံး ခေတ်ကာလ ဆိုတဲ့ စကြာမင်း ခေတ်ကာလက တားမြစ်လိုက်တဲ့

အတွက်ကြောင့် အဲဒီ အကုသိုလ်ကံတွေ အဟောသိကံ ဖြစ်သွားလို့ လုံးဝ အကျိုးမပေး နိုင်တော့ပါဘူး။

ဆင်းရဲမွဲတေ နိုင်တဲ့ ကံ ကို တောင် တားမြစ်နိုင်တဲ့ ခေတ်ကြီးဖြစ်ပါတယ်။ အဲဒီလောက်ကို ပြည့်စုံပါတယ်။ စကြာမင်းကြီးတွေရဲ့ ခေတ်ဆိုတာ လူ့လောကရဲ့ အမြင့်ဆုံး ခေတ်ကြီးဖြစ်ပါတယ်။ ပြောကြပါစို့ရဲ့။

စောစောက ပြောခဲ့တဲ့ ခုနစ်ဆက်မြောက် စကြာမင်းကြီးဟာ အသက်ကြီးလာတော့ သားကြီးရတနာကို နန်းလွှဲပြီး တောထွက်ရသေ့ ၀တ်လို့ ခုနစ်ရက်မြောက်တဲ့ နေ့မှာ ထုံးစံအတိုင်း စကြာရတနာကြီး

ကွယ်ပျောက်သွားပါတယ်။ ဒီလို စကြာရတနာကြီး ကွယ်ပျောက်သွားတဲ့ အခါမျိုးမှာ သူ့ဖခင်ကြီးနှင့် တကွ အဘိုးအဘေး တို့လုပ်ခဲ့ကြပုံက ဖခင်ရသေ့ကြီးဆီ သွားပြီးတော့ စကြာရတနာကြီး

ကွယ်ပျောက်သွားကြောင်း ဘယ်လို လုပ်သင့်ကြောင်း မေးမြန်းလျှောက်ထားလေ့ ရှိကြပါတယ်။ စကြာမင်းလုပ်ခဲ့တဲ့ ဖခင်ရသေ့ကြီးကလည်း `` ငါ့သား စကြာ ရတနာ ဆိုတာ အဖေ အမွေ ပေးလို့ရတဲ့ ပစ္စည်း မျိုး မဟုတ်ဘူး။ စကြာမင်း ဖြစ်နိုင်လောက်တဲ့ ဘုန်းကံ ပါရမီ ပါပြီး စကြာမင်း ကျင့်ဝတ်တွေကို

ကျင့်မယ်ဆိုလျှင် စကြာရတနာ ကြီး ဆိုက်ရောက်လာမှာ အမှန်ပဲ။ ငါ့သားလည်း စကြာမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံ ပါရမီ ပါပြီးဖြစ်တယ်။ စကြာမင်း ကျင့်ဝတ်တွေကိုသာ ပြည့်ပြည့်စုံစုံ ကျင့်ပါ ´´ လို့ နှစ်လည်း နှစ်သိမ့်၊ တိုက်လည်း တိုက်တွန်းပြီး စကြာမင်း ကျင့်ဝတ်တွေ ဘယ်လိုပြုကျင့်ရမည်ဆိုတာ

မိမိအတွေ့အကြုံ အဖ အဘိုးအဘေး တို့ အတွေ့အကြုံ တွေ ပေါင်းစပ်ပြီးတော့ သင်ပြ ပေးလိုက်သတဲ့။ ဒီလိုနဲ့ စကြာမင်း ကျင့်ဝတ်တွေ ပြည့်ပြည့်စုံစုံ ကျင့်လိုက်တော့ စကြာရတနာ ဆိုက်ရောက်လာပြီး

စကြာမင်း ဖြစ်ရပြန်တယ်။ ဒါက သူ့အဖေ သူ့အဘိုး သူ့အဘေး တို့ အဆက်ဆက် လုပ်ခဲ့ကြပုံပေါ့။ ဒီနောက်ဆုံး စကြာမင်း ကြီးရဲ့ သားကြီးရတနာ ကတော့ ဒီလိုမဟုတ်ဘူး။ သူလွှဲမှားစွာ လုပ်ခဲ့မိပုံက ဒီလိုပါ။

စကြာရတနာ ကြီး ကွယ်ပျောက်သွားတဲ့အခါ ဖခင် မင်းရသေ့ ကြီးဆီ သွားရောက်ပြီး အကျိုးအကြောင်း လျှောက်ထား တိုင်ပင်မှု မပြုဘဲ မှူးမတ်တွေကို သာ ညီလာခံ ခေါ်ပြီးတော့ တိုင်ပင်တယ်။

မှူးမတ်တွေကလည်း ကိုယ်တိုင် စကြာမင်း လုပ်ခဲ့တဲ့ ဖခင် မင်းရသေ့ ကြီးဆီ သွားရောက် အကြံဥာဏ်

တောင်းဖို့ မတိုက်တွန်းကြဘူး။ မိမိ တို့ သိသမျှ တွေကိုသာ တင်ပြခဲ့ကြတယ်။

သူတို့တင်ပြပုံက အရှင်မင်းကြီး စကြာရတနာ ဆိုတာ မိဘ အမွေပေးလို့ ရတဲ့ ပစ္စည်းမျိုး မဟုတ်ပါဘူး။ စကြာမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံ လည်း ပါပြီး စကြာမင်း ကျင့်ဝတ်တွေကို လည်း ကျင့်မည် ဆိုပါလျှင် စကြာရတနာ ဆိုက်လာနိုင်ပါတယ်။

ဒီအခါမှာ ဘယ်လိုကျင့်ရမှာလဲ လို့ သားတော်ကြီး ဘုရင်က မေးတော့ ဆင်းရဲသား ပပျောက်ရေး

ကျင့်ဝတ်မှ တစ်ပါး ကျန်ကိုးပါးကို အသေအချာ ပြောပြနိုင်ကြပါတယ်။ တစ်ပါး လိုနေတယ် ဆိုပါတော့၊ စကြာမင်း ကျင့်ဝတ်က (၁၀) ပါးရှိတာကိုး။

ဒီလိုနှင့် သားတော်ကြီး ဘုရင်ကလေးလည်း မှူးမတ်တွေ တင်ပြတဲ့ စကြာမင်း ကျင့်ဝတ်တွေ ကျင့်လိုက်တာ တစ်ပါးလိုနေတော့ မပြည့်စုံပါဘူး။ ဒီတော့ စကြာ ရတနာ လည်း မဆိုက်ရောက်လာသလို စကြာမင်းကြီးလည်း မဖြစ်လိုက်ရရှာပါဘူး။ စကြာမင်း မျိုးဆက်လည်း ပြတ်ကရော့ ဆိုပါတော့။ ဒီနေရာမှာ ဘုန်းကြီး စဉ်းစားမိတာလေး ထည့်ပြောကြရအောင်၊ ဒီဘုရင်လေးနှင့် သူ့ပညာရှိ မှူးမတ်များက ဘာကြောင့် ဆင်းရဲသား ပပျောက်ရေး ကို ချန်လှပ်ထားခဲ့ကြတာလဲ ?

လွယ်လွယ်ပြောရရင် တော့ မလိုအပ်ဘူး ထင်လို့ နေမှာ ပေါ့ ဟုတ်တယ်လေ သူတို့ခေတ်မှာ ဆင်းရဲသားမှ မရှိဘဲ။ သူ့အဖေ သူ့အဘိုး သူ့အဘေး သူတို့ ဘိုးစဉ် ဘောင်ဆက် လက်ထက်

အဆက်ဆက်မှာ ဆင်းရဲသားမှ မရှိဘဲ။ ဆင်းရဲသားမရှိတော့ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး ကိုလည်း မလိုအပ်ဘူးလို့ ထင်ကြမှာပေါ့။ မသိတာထက် အလေးမထားတာ က ပိုပြီး ဖြစ်နိုင်လောက်မယ် ထင်ပါတယ်။

ဒီတင်မှ သူ့တိုင်းပြည်မှာ ဆင်းရဲသား ပေါ်လာတယ် (ခဏနှင့်တော့ မဟုတ်ဘူး ကြာလာတော့ပေါ့) တစ်စ တစ်စ ဆင်းရဲသားတွေ များလာတယ်။ အဲဒီ ထဲမှာ ဆင်းရဲသား တစ်ယောက်က ထဖောက်လာတယ်။

ဒီ့အရင်က လုံးဝ မပေါ်ခဲ့ဘူးတဲ့ လုံးဝ မလုပ်ခဲ့ကြဘူးတဲ့ သူတစ်ပါး ပစ္စည်း မသိအောင် ခိုးယူမှု ဆိုတာ ထလုပ်လိုက်တယ်။ ပထမဦးဆုံး ခိုးမှု ပေါ်လာတယ် ဆိုပါတော့။ (တက်ကပ်တစ်ခု နှင့် ဆုတ်ကပ် တစ်ခု အတွင်းမှာ ပထမ ဆုံးပေါ်လာတဲ့ ခိုးမှု ဖြစ်တယ်)။

ဒီတော့ သိရှိကြသူတွေအားလုံးဟာ အထိတ်အလန့် ဖြစ်ကုန်ပြီး ထူးထူးဆန်းဆန်း မဖြစ်ပေါ်ဘူးသေးတဲ့ အမှု ကိစ္စမို့ ဘုရင့်ဆီ ခေါ်သွားပြီးတော့ တင်ပြ တိုင်တန်းကြတာပေါ့။ ဘုရင်ကလေးက အမှု ကို စစ်ဆေးမေးမြန်းတယ်။ မောင်မင်း ခိုးတာ မှန်သလား၊ မှန်ပါတယ် (အဲဒီတုန်းက ဘယ်သူမှ

လိမ်မပြောကြဖူးသေးဘူးတဲ့။) ဘာကြောင့် ခိုးရသလဲ။ ကျွန်တော်မျိုးကြီးစားသုံးစရာ မရှိလို့ သား မယား ကျွေးမွေးစရာ မရှိလို့ မိအို ဘအိုတွေ မပြုစု မလုပ်ကျွေးနိုင်တော့လို့ သူတစ်ပါး ပစ္စည်း ယူရတာပါလို့

သနားစရာကောင်းလောက်အောင် လျှောက်တင်လိုက်တယ်။ ဒီတော့ ဘုရင်ကလေးက သနားသွားပုံ ပေါက်ပါတယ်။ နောက် ဘယ်တော့မှ မခိုးနှင့် စားသုံးစရာ မရှိလျှင် ငါ့ဆီ လာယူ။ ရော့ ယူသွား

ဒီပစ္စည်းတွေနှင့် ၀၀လင်လင် စားသုံးပြီး သားမယား ကိုလည်း ကျွေး၊ မိဘ ကိုလည်း ပြုစု လို့ ပြောဆိုပြီး ပစ္စည်းတွေ ပေးလိုက်သတဲ့။

ပိုဆိုးသွားတာပေါ့။ သူပေးပုံက သူခိုး ``အားပေး´´ ဖြစ်သွားတယ်လေ။ ဆင်းရဲသားက လည်း တစ်ယောက်ထဲမှ မဟုတ်တာဘဲ အတော်ကလေးများနေပြီကိုး။ ဒီတော့ ဘုရင်လေးက ခိုးတဲ့သူ

ပစ္စည်းပေး လွှတ်သတဲ့ ဆိုပြီး ခိုးတာမှ တမင် မိအောင်ကို ခိုးကြတာ။ ဒါမှ ဘုရင်ကလေးဆီ ဖမ်းပို့ မှာကိုး။ ဒီလိုနှင့် ခိုးလို့ ဘုရင်ကလေးဆီ ဖမ်းပို့တိုင်း နောက် (မခိုးနှင့်)၂ လို့ ပစ္စည်းတွေ ပေးပေးလွှတ်နေရတာ များလွန်းလာတော့ ဘုရင်ကလေး စိတ်ပျက်လာဟန် တူပါတယ်။ တယ် ဒီကောင်တွေ မခိုးနှင့်

ပြောရက်သားနှင့် ပိုဆိုးလာတယ်။ နောက်ခိုးတဲ့ကောင် ခေါင်းဖြတ်လို့ အမိန့်ချ လိုက်တယ်။ ပထမ အဒိန္နာ

ဒါန ကနေ ပါဏာတိပါတ ကူးလာတာပါပဲ။ အဲဒီတုန်းက သူ့အသက်သတ်ခြင်း ဆိုတာ လုံးဝ

မရှိသေးဘူးတဲ့။ အဲဒီနောက်တော့ ခိုးတာမိလို့ ဖမ်းပို့လျှင် မောင်မင်း ခိုးသလား လို့ မေးလျှင် မခိုးဘူးလို့ လိမ်ပြောတယ်။ သေမှာ ကြောက်တာကိုး။ ဒီတင် ပါဏာတိပါတ ကံက ဆက်ပြီး မုသာဝါဒ

ကူးလာပြန်တယ်။ အဲဒီနောက်တော့ ဒုစရိုက်တွေ တစ်ခုပြီး တစ်ခု တိုးလာလိုက်တာ နောက်တော့ ကိုယ်တွင်း သြဇာတွေညံ့၊ ပတ်ဝန်းကျင် မြေဆီ မြေလွှာတွေညံ့၊ အစားအသောက် အသီးအနှံတွေ အဆီ သြဇာ ဓာတ်နည်း၊ ကိုယ်တွင်း သြဇာဓာတ်ညံ့တာတွေ ပေါင်းမိပြီး ပိုဆိုး၊ ရောဂါတွေ အမျိုးမျိုးတိုးပြီး အသက်တွေတိုကြ၊ သက်တမ်းတွေ ဆုတ်လာ လိုက်ကြတာ ယခုတိုင်အောင်ပဲ ဆိုပါတော့။

ဒါဟာ စက္က၀တ္တိ သုတ္တန်မှာ မြတ်စွာ ဘုရား ဟောကြားခဲ့တဲ့ လူ့လောကကြီးရဲ့ ဖြစ်ရပ်မှန် သမိုင်း ဖြစ်စဉ်ပါပဲ။

ဆင်းရဲသားပပျောက်ရေးတရားတော် ...၄ နည်းစဉ် - ၁

ဆင်းရဲသား ပပျောက်ရေး (၀ါ)

ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး စောစောက ပြောခဲ့တဲ့ ဘုရင်ကလေးကျင့်ဖို့ ကျန်နေခဲ့တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆိုတာ ဘယ်လိုလုပ် ရမှာလဲ၊ အဲဒီအဖြေမပြောခင် ကြားညှပ်ပြီး ပြောကြပါအုံးစို့။ လွန်ခဲ့တဲ့ ၁၃၆၅

ခုနှစ်လောက်က ဘုန်းကြီး ရန်ကုန်ရောက်နေတုန်း ထေရ၀ါဒတက္ကသိုလ်တက်နေတဲ့ ဦးကုသလ ဆိုတဲ့ ဘုန်းကြီးတပည့် ဦးပဉ္ဇင်းတစ်ပါးက စာအုပ်ကလေးတစ်အုပ်ယူလာပြီး ဘုန်းကြီးကိုပြောတယ်။

သူတို့တက္ကသိုလ်က နိုင်ငံခြားသား ဦးပဉ္ဇင်းတစ်ပါးက မေးသတဲ့။ ဦးပဉ္ဇင်း…….. တပည့်တော်တို့ ဗုဒ္ဓဘာသာက ချမ်းသာနည်း အားလုံး အပြည့်စုံဆုံး ဟောထားတဲ့ ဘာသာလို့ ထင်ရှားပါတယ်။ ဒါပေမဲ့ တပည့်တော်တို့ ဗုဒ္ဓဘာသာ နိုင်ငံအများစုဟာ အဆင်းရဲဆုံးနိုင်ငံတွေ ထဲ ပါဝင်နေတာ

ဘာကြောင့်တုန်းလို့ မေးပြီး ၾသစေတးလ် နုိင္ငံက ၾသစေတးလ် နုိင္ငံသား ဦးဓမၼိက ဆိုတဲ့

ဘုန်းတော်ကြီးတစ်ပါးရေးတဲ့ `` ကောင်းသော မေးခွန်းများနှင့် ကောင်းသောအဖြေများ ´´ ဆိုတဲ့ စာအုပ်ကလေး တစ်အုပ်ပေးလိုက်သတဲ့။ ဒါနဲ့ ဘုန်းကြီးကလည်း ငါက အင်္ဂလိပ်စာ မဖတ်တတ်ဘူး။

ငါ့ကိုဖတ်ပြီး ဘာသာပြန်ပြ လို့ ပြောလိုက်တယ်။ လိုရင်းပေါ့နော် သူ့စာအုပ်ထဲမှာတော့ စောစောတုန်းက မေးခွန်းမျိုးလို မေးခွန်းမျိုးကို ဒေါက်တာတစ်ယောက်က မေးလို့ အဲဒီဘုန်းကြီး ကဖြေထားတာ။

သူ့အဖြေက ဗုဒ္ဓဘာသာ နိုင်ငံအများစုက ပစ္စည်း ဥစ္စာဓန တော့ ဆင်းရဲပါတယ်။ စိတ်မဆင်းရဲပါဘူး။ (စိတ်မဆင်းရဲပါဘူး ဆိုတဲ့ အကြောင်းကို သူ့စာအုပ်ထဲမှာတော့ ဒုစရိုက်ကျဆင်းမှု စံချိန်စံညွှန်းတွေ

ဘာတွေ ညာတွေပေါ့ဗျာ) ဥပမာ- မြန်မာပြည်ကို ကြည့်ပါ ပစ္စည်း ဥစ္စာ ဓန မချမ်းသာပါဘူး။ ဒါပေမဲ့ စိတ်ချမ်းသာမှု အပြည့်အ၀ ရှိကြပါတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ နိမ့်ကျမှု မရှိကြပါဘူး။

ဒုစရိုက်မှုခင်းတွေလည်း မများပါဘူး။ ဥပမာ- အမေရိကန် နိုင်ငံကို ကြည့်ပါ။ ပစ္စည်းဥစ္စာဓန ချမ်းသာကြွယ်ဝသူများပါတယ်။ ဒါပေမယ့် စိတ်မချမ်းသာသူတွေ များပါတယ်။ ကိုယ့်ကိုယ် ကို

သတ်သေသူတွေများတာ ဒုစရိုက်မှုခင်းတွေ ထူပြောတာတွေနှင့် သက်သေထူနိုင်ပါတယ်။ ဒါက -

သူပြောတာ နားထောင်ပြီး ဘုန်းကြီး သဘောပေါက်သလို ပြန်ပြောတာပါ။ အပြည့်အစုံ သိချင်လျှင်တော့ အဲဒီစာအုပ်ကို ရှာဖတ်ပါလို့ ညွှန်ပြပါရစေ။

အဲဒီလိုမျိုးဖြေထားတာ ဖတ်ပြတော့ ဘုန်းကြီးက ပြောလိုက်တယ်။ ဟိုဒေါက်တာ က သိချင်ရှာလို့

မေးတာ အဖြေထဲမှာ က တိုက်ရိုက်ဖြေထားတာ မတွေ့ရဘူး။ အမေး ၀န်ခံမှု တစ်ဝက်နှင့် ပြန်ပက်တဲ့ အနေအထားမျိုးပဲ ရှိတယ်လို့ ဘုန်းကြီး က ပြောလိုက်တယ်။ ဒီမေးခွန်းကို ဘုန်းကြီးမေးလျှင် ဘယ်လိုဖြေမလဲ တဲ့.။

ဟ…………. ငါလည်း ဒီမေးခွန်းကို ကိုယ့်ဟာကိုယ် မေးလာတာ ကိုရင်ကလေးတည်းက ကွ

စာကြည့်တိုင်း ဒီမေးခွန်းအဖြေကို ဂရုစိုက်ရှာတာ အဖြေမတွေ့ဘူး။ တို့ကိုရင်ကလေး ကတည်းက ဒါနပြုလျှင် ပစ္စည်း ချမ်းသာတယ်လို့ ကြားသိထားတာ၊ ဒါပေမဲ့ တို့မြန်မာလူမျိုးတွေ ဒါနတွေ

ဒီလောက်ကြီး ပြုနေပါလျက်နှင့် ဘာကြောင့် တခြားနိုင်ငံသားတွေလောက် မချမ်းသာတာလဲ၊ ဒီလို အချင်းချင်းမေးကြသလို ကိုယ့် ကိုယ်ကို လည်း မေးလာခဲ့တာပေါ့။ စိတ်ကျေနပ်လောက်အောင်အဖြေ တော့ ရှာမတွေ့ခဲ့ပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ (၇)နှစ် (၈) နှစ်လောက်တုန်းကတော့ အဖြေရှာတွေ့လို့ တရားပွဲတွေ ဟောတဲ့

အခါမှာလည်း ထည့်ဟောခဲ့တယ်။ ကျောင်းလာတဲ့ လူတိုင်းကိုလည်း အဲဒီတရားပဲ ဟောနေခဲ့တာ။ ဒီလိုကွ…….

ဆင်းရဲသားပပျောက်ရေး ဆိုတာ စကြာမင်းကြီးတွေရဲ့ ကျင့်စဉ်ထဲမှာတောင်ပါတာ။ ဘုရားဟော သေချာပေါက် ရှိကို ရှိရမယ် ဆိုပြီး ရှာတာပေါ့။ တွေ့တော့ တွေ့တယ်၊ မဟုတ်သေးဘူး ထင်နေလို့

ဘုန်းကြီးတို့ အထင်က ဆင်းရဲသားပပျောက်ရေး ဆိုတာကို တခမ်းတနား စာမျက်နှာ တစ်မျက်နှာ လောက်တော့ ပါမှာပဲ လို့ ထင်နေတာကိုး။ မဟုတ်သေးပါဘူး ထင်လို့ ထပ်ထပ်ရှာတယ်။ တွေ့ထားတာက ပါဠိ လို (အဓနာနံ ဓနံ အနုပ္ပဒေယျာသိ) လို့ မြန်မာလိုတော့ `` ပစ္စည်းမဲ့သူတို့အား ပစ္စည်း ဥစ္စာ ထောက်ပံ့လိုက်လော´´ ဒါပဲ။ ဆင်းရဲသား ပပျောက်ရေး နည်းဆိုတာ ဒီစာကတော့ ခဏ ခဏ တွေ့နေတာပဲ အဲဒီလောက်နဲ့ မဟုတ်ဘူး ထင်လို့ လျှောက်ရှာနေတာ မတွေ့ပါဘူး ဒါပါပဲ။

ဒီတော့မှ ဒီစာကလေးကို အလေးအနက်ထားပြီး တော့ သေသေချာချာ စဉ်းစားကြည့်တဲ့အခါ တကယ့် (မိန်း) ပဲ ဆိုတာ သဘောပေါက်သွားပါတယ်။ ဟုတ်တယ်လေ (မိန်း) ချထားပြီး မီးပွင့်ခလုတ်တွေ ဖွင့်ပေးမဲ့ မီးမလင်းနိုင်ဘူး မဟုတ်လား။ (မိန်း) ကို ဖွင့်ပေးလိုက်တော့မှ ကျန်တဲ့ မီးခလုတ်တွေကို ဖွင့်လျှင် ဖွင့်သလို မီးလင်းနိုင်ပြီပေါ့။ ဒါကြောင့် ..

ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေး အဓိက (မိန်း) ဆိုတာ `အဓနာနံ ဓနံ အနုပ္ပဒေယျာသိ´ ပစ္စည်းမဲ့ မွဲ ဆင်းရဲသူတို့အား အရင်းအနှီး ဖြန့်ဝေ ထောက်ပံ့ပေးပါ။

ဆင်းရဲသားပပျောက်ရေးတရားတော်... ၅ ဒီမှာ စောစောက ပြောခဲ့တဲ့ ဘုန်းကြီးတပည့် ဦးပဉ္ဇင်းက ဘုန်းကြီးကို စောဒက တက်တယ်။ သူ့ကို

ဒီအကြောင်းပြောပြတော့ သူကလည်း စာပြန်ဖတ်တယ်။ ဘုန်းကြီး ပြန်မေးတယ်။ ဘုရင်ကလေးက ဆင်းရဲသားတွေ ပစ္စည်း ပေးတယ်။ ဟုတ်ဘူးလား။ ဟိုပထမ ဆုံး ခိုးတဲ့သူတွေကို ပေးခဲ့တာ ထောက်ပြီး

ပြောတာ။ ဘုန်းကြီးကလည်း………… မဟုတ်ဘူး ကွ အဲဒီဘုရင်ကလေး ပေးတာက ဆင်းရဲမွဲတေမှု

တိုက်ဖျက်ဖို့ အရင်းအနှီးပေးတာမျိုးမဟုတ်ဘူး။ ခိုးလို့ နောက်မခိုးအောင် ဆိုပြီး ပေးရှာတာ။ ဒါပေမဲ့ ခိုးလို့ ပေးတာဖြစ်လို့ သူခိုး အားပေးဖြစ်နေတယ်။ ဒါကြောင့် သူခိုးတွေ ပိုများသွားတာ စာထဲမှာ မတွေ့ဘူးလား။

ခိုးလို့ ပေးတာမဟုတ်ဘဲ နှင့် ရိုးရိုးဆင်းရဲသူကို သုံးဖို့ စားဖို့ ပေးတာတောင် အရင်းအနှီးထူထောင်ပေးတာ၊ အရင်းအနှီးထောက်ပံ့တာ မဟုတ်သေးဘူးကွ။ သာမန်ပစ္စည်း ပေးတာက တစ်မျိုး တစ်မျိုးနှင့် တစ်မျိုး မတူဘူး။

အရင်းအနှီးထောက်ပံ့တယ် ဆိုတာ အစိုးရသူများ အနေနှင့် ဆိုလျှင် စီမံကိန်းကြီးတစ်ရပ်အနေနှင့်

စနစ်တကျ ရေးဆွဲပြီးတော့ ရည်မှန်းချက်ရှိရှိ အဘက်ဘက်မှ သုံးသပ် ဆင်ခြင်ပြီး လိုအပ်တာမှန်သမျှကို ကြိုတင် စုဆောင်း ပြင်ဆင်ပြီး အကောင်အထည်ဖေါ်တာ။

တစ်နိုင် တစ်ပိုင် ဆိုလျှင်လည်း စီမံကိန်းကြီးတစ်ရပ် အနေနှင့် မဖြစ်နိုင်တာတောင်မှ လုပ်နည်း လုပ်ဟန် စည်းကမ်းဥပဒေ ကြိုတင်ပြင်ဆင်သည့် အနေနှင့် စာချုပ်စာတမ်းမှ အစ သဘောတူ ကတိဝန်ခံမှုတွေ စသည်ဖြင့် ကြိုတင်ပြင်ဆင်ပြီး ကာယကံရှင်နှင့် အကြေအလည်ဆွေးနွေးပြီး

အရင်းအနှီးထူထောင်ပေးတာမျိုးတွေ ဆိုလိုတာ။ လိုရင်းကတော့ အလုပ်လုပ်လို ပါလျက်

အလုပ်လုပ်နိုင်ပါလျက် အရင်းအနှီးမရှိလို့ နည်းပညာမတတ်လို့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အလုပ်လုပ်နိုင်အောင် အရင်းအနှီး ထူထောင်ပေးခြင်း နည်းပညာ ကျွမ်းကျင်အောင် အကူအညီပေးခြင်းပဲ။

` အနုပ္ပဒေယျာသိ´ ဆိုတဲ့ ပါဠိရဲ့ အဓိပ္ပါယ်ကိုက အရင်းအနှီး ထူထောင်ပေးရာမှာတောင်

တစ်ခါတည်းပေးပြီး ပစ်ထားလိုက်တာမျိုးမဟုတ်ဘူး။ အောင်မြင်မှု မရမခြင်း အဖန်ဖန် အထပ်ထပ် ဖေးမပေးခြင်း၊ ထောက်ကူပေးခြင်း၊ အောင်မြင်မှု ရရှိအောင် နည်းအမျိုးမျိုးသုံး၍ အကူအညီပေးခြင်း၊ ဒီလိုအဓိပ္ပါယ်မျိုးထွက်တယ်။ အသုံးလိုနေလို့ ရော အင်း ဆိုပြီး ပေးတာမျိုး မဟုတ်တာတော့ သေချာတယ်။

နည်းစဉ် - ၂ ဥာဏ်ပါတဲ့ ၀ီရိယ အကောင်အထည်ဖော်တဲ့နေရာမှာ တို့ဘုရားလက်ထက်တုန်းက အလွန်ငယ်သေးတဲ့ သူကြွယ်သား လေး တစ်ယောက်ဟာ သူ့အဖေ ရင်ခွင်ထဲ တက်ထိုင်နေပြီး သူ့အဖေကို စေ့စေ့ ကြည့်ပြီး မေးသတဲ့။ အဖေ လောကီ လောကုတ္တရာ အကျိုးအားလုံးကို ပြီးစေနိုင်တဲ့ နည်းကို တစ်ခွန်းတည်းနဲ့ ပြည့်စုံအောင်

ပြောပါလို့ မေးသတဲ့။ ဖခင်သူကြွယ်က မဖြေနိုင်လို့ ဘုရားထံ သားအဖ နှစ်ယောက်သွားပြီး မေးကြသတဲ့။ မြတ်စွာဘုရားက သူကြွယ် သင့်သားက ယခုဘ၀မှ မေးတာ မဟုတ်ဘူး။ ဟိုး အတိတ် တစ်ဘ၀ ဆီတုန်းကလည်း သူဒီလိုပဲ ငါ့ကိုမေးခဲ့လို့ ``ဥာဏ်ပါတဲ့ ၀ီရိယ ´´ လို့ဖြေခဲ့ဖူးတယ်။ ဘ၀တွေ ဖုံးလွှမ်းသွားလို့ သူမေ့သွားရှာတာလို့ မိန့်တော်မူလိုက်တယ်။

ဒါကြောင့် ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော်မည်ဆိုလျှင် `ဥာဏ်ပါတဲ့ ၀ီရိယ´

မရှိဘဲနှင့်တော့ မဖြစ်နိုင်ဘူး။ `ဥာဏ်ပါတဲ့ ၀ီရိယ´ နှင့် အကောင်အထည်ဖော်မှ အောင်မြင်မယ် ဆိုတာလည်း သတိပြုရမယ်။ ဥာဏ်ဆိုတာ ဒီနေရာမှာ နည်းပညာကို ဆိုလိုတယ်။ အပြည့်အဝ

အောင်မြင်ဖို့ အလျင်အမြန်အောင်မြင်ဖို့၊ အလွယ်တကူ အောင်မြင်ဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့အထောက်အကူတွေ တီထွင်ဖို့ စနစ်တကျ အသုံးချနိုင်ဖို့ နည်းပညာလိုတယ်။ နည်းပညာ ဘယ်လောက် အသုံးဝင်တယ်ဆိုတာ တော့ အားလုံး သိကြပြီးသားပါ။ နည်းပညာရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလေး ပြောကြရအောင်။

ပါဠိလို `နယ´ ကို `နည်း´ လို့ မြန်မာပြန်လိုက်ကြတယ်။ အဲဒီ `နည်း´လို့ မြန်မာပြန်လိုက်တဲ့ `နယ´ သဒ္ဒါကို ပါဠိလို အဓိပ္ပါယ်ဖွင့်တော့ `မဂ္ဂေါ´ တဲ့ မြန်မာလို `လမ်း´လို့ အဓိပ္ပါယ်ထွက်တယ်။

ဒါကြောင့်မြန်မာက နှစ်ခုပေါင်းပြီးတော့ `နည်းလမ်း´လို့ သုံးစွဲကြတယ်။ အဲဒီ `မဂ္ဂ´ သဒ္ဒါကို

ဝိဂြိုလ်ဆိုပြတော့ `မဂ္ဂိယတေတိ မဂ္ဂေါ´ ရှာဖွေအပ်သောကြောင့် တဲ့ ၊ ရှာဖွေလျှင် တွေ့ရှိနိုင်သောကြောင့် `နည်း´လမ်းလို့ ခေါ်သတဲ့။ စူးစမ်းရှာဖွေနိုင်လေလေ တွေ့ရှိလေလေပေါ့။ တို့မြန်မာစကားပုံက

`လိုလျှင်ကြံဆ နည်းလမ်းရ´ ဆိုတာက အဓိပ္ပါယ်နည်းနည်းမြင့်နေပြီးတော့ ပညာရှိသုံးလို ဖြစ်နေတယ်။ `စူးစမ်း ရှာဖွေနိုင်လေလေ တွေ့ရှိလေလေ ´ ဆိုတာကတော့ လွယ်ကူရှင်းလင်းပြီး အရာရာတိုင်းနှင့်

ဝင်ဆန့်နိုင်တဲ့ စကားမျိုးပေါ့။ ဒါကြောင့် မရမနေ မရ ရအောင် ရှာဖွေ တီထွင်လို့ပဲ ဖြစ်ဖြစ် လိုအပ်လာလို့ ကြံဆ လို့ပဲ ဖြစ်ဖြစ် ရရှိနိုင်တဲ့ အတွက်ကြောင့် နည်းပညာဆိုတာ နည်းလမ်းဆိုတာ လက်တစ်ကမ်းမှာပဲ ရှိနေတတ်တာပါပဲ။

ရှာဖွေပုံလေး တစ်ခုလောက် ပြောပါအုံးမယ်။ တစ်ချို့ ကိစ္စတွေမှာ ကိုယ်တစ်ယောက်ထဲ ကြံစည်လို့ ၊ စိတ်ကူးလို့၊ ရှာဖွေ သုတေသနပြုလို့၊ အခက်အခဲဖြစ်နေလျှင် အဲဒီ ပြဿနာကို အများစုရှေ့

ချပြရပါတယ်လို့ ဗုဒ္ဓစာပေတွေထဲ မှာတွေ့ရပါတယ်။ အများစု ဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်တာပေါ့။ ယခုခေတ် စာတမ်းဖတ်ပွဲများ ၊ စာပေနှီးနှောဖလှယ်ပွဲများ လို သဘောတူရာ ပညာရှင်အများစု ဖြစ်နိုင်သလို ဘာမျှ မသက်ဆိုင်ဘူးလို့ ထင်ရတဲ့ သာမန်ပုဂ္ဂိုလ်တွေလည်းဖြစ်နိုင်ပါတယ်။

အဲဒီအများစုထဲမှာ အဲဒီအဖြစ်ကို သိနိုင်တဲ့သူတစ်ယောက်ယောက် ဒါမှမဟုတ် အဲဒီအဖြေရဲ့ အစအနကို ဖော်ထုတ်ပေးနိုင်သူ တစ်ယောက်ယောက် ပါစမြဲပဲလို့ စာထဲမှာ တွေ့ရပါတယ်။

ဆင်းရဲသားပပျောက်ရေးတရားတော်... ၆ သီရိဓမ္မာ သောက မင်းကြီးရဲ့ အဘိုးထင်ပါရဲ့၊ တိုင်းရေးပြည်ရေး ကိစ္စ မအောင်မမြင် အခက်အခဲဖြစ်နေ တုန်း စနည်းနာ ထွက်တဲ့အခါ သာမန်အမျိုးတစ်ယောက်က သူ့သားကို ပြောလိုက်တဲ့စကား

အားလုံးသိကြပြီးသားပါ။ မုန့်ဆီကြော်လို ၊ မုန့်အိုးကင်းပူလို မုန့်မျိုး အလယ်ကောင်က နှိုက်စားလို့ အပူလောင်ပြီး မစားနိုင်တဲ့ သားကို မုန့်အနားစွန်းက စပြီး ဖဲ့စားဖို့ ပြောလိုက်တဲ့ စကား။ ဒါဟာ

သာမန်အမျိုးသမီး တစ်ယောက် က ပြောလိုက်တဲ့ စကားပါ။ တကယ့် တိုင်းရေးပြည်ရေး လုပ်နေတုန်း အခက်အခဲ အကျပ်အတည်း တွေ့နေတဲ့သူ ကြားလိုက်ရတော့ သဘောပေါက်ပြီး လိုက်သွားနိုင်လိုက်တာ ဘယ်လောက်ထိ အောင်မြင်သလဲ မမေးနှင့် သီရိဓမ္မာ သောက မင်းကြီးတို့ ဆွေစဉ် မျိုးဆက်ကြီးတစ်ခုလုံး တည်ထောင်နိုင်တာ အဲဒီစကားရဲ့ ကျေးဇူးပါပဲ။ ဒါကြောင့် နိုင်ငံကောင်းစားရေး၊ အများအကျိုးရှိရေး၊ ပြုလုပ်ကြရာမှာ စည်းရုံးရေးနှင့် နည်းပညာဟာ အဓိက အကျဆုံးပါပဲ။ အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ သတိပြုရမှာက ရှာဖွေတွေ့ရှိထားတဲ့

နည်းပညာများကို ဖြန့်ဝေ အကူအညီပေးကြတဲ့ အခါ သက်ဆိုင်ရာ အလုပ်လုပ်သူတွေ အနီးမှာ သက်ဆိုင်ရာ နည်းပညာ ဖြန့်ဝေတဲ့ ဋ္ဌာနရှိနေဖို့ပါပဲ။ အလုပ်မလုပ်သူတွေထံမှာ နည်းပညာဟာ

အသုံးမ၀င်ပါဘူး။ အလုပ်လုပ်သူတွေ ထံမှာတော့ နည်းပညာဟာ အရေးကြီးဆုံးလိုအပ်ချက်ပါပဲ။

ဒါကြောင့် အလုပ်လုပ်သူတွေ အနားမှာ သက်ဆိုင်ရာ အလုပ်နှင့်ပတ်သက်တဲ့ နည်းပညာ အကူအညီ ပေးရေးဋ္ဌာနတွေ ရှိနေဖို့ လိုပါတယ်။ သာမန် အလုပ်လုပ်သူ တစ်ယောက် အသုံးချ တတ်အောင် သင်ပြပေးနိုင်တဲ့ အကူအညီပေးနိုင်တဲ့ အမျိုးအစားမျိုးလည်း ဖြစ်စေရပါမယ်။ နည်းစဉ် - ၃ မဟာဝိဇိတာဝီ ဘုရင်ကြီးနှင့် သူ့ပုရောဟိတ် နောက်တစ်ခု ပြောကြရအောင်၊ ရှေးတုန်းက မဟာဝိဇိတာဝီ ဆိုတဲ့ ရှင်ဘုရင်တစ်ပါး ရှိတယ်။ သူ့ပုရောဟိတ် ကြီးက ဘုရားအလောင်းတော်ကြီးပါ။ မဟာဝိဇိတာဝီ မင်းကြီးက ပစ္စည်း ဥစ္စာ

အလွန်ကြွယ်ဝ ချမ်းသာတယ်။ တစ်နေ့တော့ ပုရောဟိတ်ကြီးကို ခေါ်ပြီး တိုင်ပင်တယ်။ `ပုရောဟိတ် ကြီး ……….. အလှူဒါနကြီးပြုချင်တယ်။ စီစဉ်ပေးပါလို့ တိုင်ပင်တယ်။ ဒီတော့ `ပုရောဟိတ်ကြီးက

စဉ်းစားတယ်။ ရှင်ဘုရင်က ချမ်းသာနေပေမယ့်လို့ တိုင်းပြည်က ဆင်းရဲနေတယ်။ ရှင်ဘုရင်ခမျာလည်း

အလှူဒါန ပြုရပေမယ့်လို့ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေက ရှင်ဘုရင်က သာ ပေါလို့ လှူပေမဲ့ တိုင်းပြည်က ဆင်းရဲလိုက်တာ လွန်ပါရော လို့ ပြောကြတဲ့ အသံကို ကြားရလျှင် စိတ်မချမ်းသာဖြစ်ပြီး ပရစေတနာ ချို့တဲ့ နိုင်တယ်။ ဒါန ကုသိုလ်အတွက် အနှောက်အယှက်ဖြစ်မှာ စိုးရတယ်။ ဒါနကုသိုလ် အားလုံး အပြည့်အ၀ ရရှာမှာ မဟုတ်ဘူး။ ဒါကြောင့် တစ်တိုင်းပြည်လုံးချမ်းသာအောင် အရင်လုပ်ပေးဖို့ တိုက်တွန်းမယ် ဆိုတဲ့ စိတ်ထားနှင့် ရှင်ဘုရင်ကို လျှောက်တင်သတဲ့။

အရှင်မင်းကြီး……… အရှင်မင်းကြီးက အလှူဒါန ပြုသော်လည်း တိုင်းပြည်မှာ သူခိုး ဓားပြသူပုန်တွေ ရှိနေပါတယ်။ အရှင်မင်းကြီးရဲ့ အလှူဒါနပွဲကို စိတ်ချလက်ချ စိတ်အေးချမ်းသာစွာ တိုင်းသူပြည်သားတွေ လာနိုင်ကြမှာ မဟုတ်ပါဘူး။ သူခိုး ဓားပြသူပုန်တွေ ကင်းဝေးအောင် အရင်လုပ်ပေးသင့်ပါတယ်။ ဒီတော့ ဘုရင်ကြီးက ပြောတယ်။ သူခိုးဓားပြသူပုန် ကင်းဝေးအောင် စိတ်ဗိုလ်ချုပ်ကြီးတွေကို တာဝန်ပေးပြီး ဖမ်းခိုင်းလိုက်ပါလားတဲ့။

အရှင်မင်းကြီး သူခိုး ဓားပြ သူပုန်တွေ ကို ဖမ်းဆီး အပြစ်ပေးရုံနှင့် မငြိမ်းအေး နိုင်ပါဘူး။ နောက်ထပ် နောက်ထပ် သူခိုး ဓားပြ သူပုန်တွေ ထပ်ထပ်ပြီး ပေါ်လာအုံးမှာ ပါပဲ။ လာကြောင့်လဲဆိုတော့

ဆင်းရဲမွဲတေလို့ သူခိုး ဓားပြ သူပုန်တွေ ဖြစ်လာကြလို့ပါပဲ။ ဆင်းရဲမွဲတေ မှု ကို မတိုက်ဖျက်နိုင်သမျှ သူခိုး ဓားပြ သူပုန်တွေ ကင်းဝေးအောင် လုပ်နိုင်မယ် မဟုတ်ပါဘူး။ `ဒါဆိုလျှင် ဘာလုပ်ကြမလဲ´

ဆင်းရဲသားပပျောက်ရေးတရားတော်.... ၇ အရှင်မင်းကြီး …………. အလှူဒါနပြုမယ်ဆိုတဲ့ ပစ္စည်းဥစ္စာတွေကို ကျွန်တော်မျိုးကြီးကို ခေတ္တ ခဏ

ပေးပါ။ တိုင်းပြည်ကို ချမ်းသာအောင် လုပ်ပေးပါရစေဦး။ အို ပုရောဟိတ်ကြီး၊ အစကတည်းက အလှူဒါန ပေးဖို့ ရည်မှန်းထားပြီးသားပါ။ ဒါတွေနှင့် တိုင်းပြည်ချမ်းသာအောင် လုပ်မယ် ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။

ဒီလိုနဲ့ ပုရောဟိတ်ကြီးက ဘုရင်လှူမယ့် ပစ္စည်းဥစ္စာ တွေကို အသုံးပြုပြီးတော့ တစ်တိုင်းပြည်လုံး ဆင်းရဲသား ပပျောက်အောင် စီမံ တယ်။ စီမံပုံကဥပမာ- လယ်ယာလုပ်ငန်း လုပ်နိုင်စွမ်းပါလျက် လယ်ယာ မလုပ်တဲ့သူတွေကို ဘာကြောင့် လယ်မလုပ် သလဲလို့ စစ်ဆေးမေးမြန်းကြည့်တယ်။ အကြောင်းစုံ သိရတဲ့အခါ လယ်ယာ လုပ်ငန်းလုပ်နိုင်အောင် လိုအပ်သမျှ အကုန်ဖြည့်ဆည်း ကူညီပေးတယ်။ ကုန်သွယ်တတ်ပါလျက် ကုန်မကူးနိုင်တဲ့ ပုဂ္ဂိုလ်များကို စစ်ဆေးမေးမြန်းပြီးတော့ ကုန်ပြန်ကူးနိုင်အောင် လိုသမျှ အားလုံး ဖြည့်ဆည်းကူညီပေးတယ်။

ဆိုကြပါစို့ ၊ ဘယ်ဟာတော့ လုပ်နိုင်တယ်၊ လုပ်ချင်တယ်၊ ဘယ်ဟာ မပြည့်စုံလို့ဆိုတာ မဖြစ်ရလေအောင် လိုအပ်သမျှ အလုံးစုံ ဖြည့်ဆည်း အကူအညီ ပေးတယ်။

အဲဒီလို ပေးတဲ့ အခါမှာလည်း စိတ်ဝင်စား စရာ ကောင်းတာလေးတစ်ခုရှိတယ်။ ဟိုတုန်းက လည်း ခုခေတ်လိုပါပဲ။ ချေးကြ/ ငှားကြ/ အတိုးအပွါး ပေးကြ / အပေါင်းအနှံ ခံကြတာတွေရှိပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ပေရွက်လို ဟာမျိုးပေါ်မှာ လက်မှတ်ထိုးပြီးတော့ ချေးကြ ငှားကြတာ။ ဒါပေမယ့်

ပုရောဟိတ်ကြီးက တစ်ဦးနှင့် တစ်ဦး ယုံကြည်စိတ်ချမှု ကို အလေးထားတဲ့ အနေနှင့် လက်မှတ်ထိုးဖို့ မလိုဘူး။ ကြီးပွါးချမ်းသာ အောင်သာ လုပ်ပါ။ ကြီးပွါးချမ်းသာစေချင်လို့ အကူအညီပေးတာပါ။

အလုပ်ကိုသာ အောင်မြင်အောင် လုပ်ဖြစ်အောင် လုပ်ပါ။ မအောင်မမြင်ချင်း အထပ်ထပ် အခါခါ လုပ်ပါ လို့ မေတ္တာ ကရုဏာအပြည့်နှင့် ပြောဆိုပေးဝေ လေ့ရှိသတဲ့။

ဒီလိုနှင့် မကြာမီ မှာပဲ တစ်တိုင်းပြည်လုံး ကြွယ်ဝ ချမ်းသာ တဲ့အဆင့် ရောက်သွားပါတယ်။ ဆင်းရဲသားမရှိတော့ပါဘူး။ အခွန်အကောက်တွေကို အတင်းအကြပ် လုံးဝ ကောက်ခံရခြင်း မရှိတော့

ပါဘူး။ အလိုအလျောက်အခွန်တွေ ကျေပွန်အောင် ဆောင်ရွက်ရုံမျှ မကဘဲ အပိုလက်ဆောင်ပဏ္ဏာတွေ ဆက်သနေကြလို့ ရှင်ဘုရင်က တားယူရတဲ့ အနေအထားမျိုး ရောက်သွားပါတယ်။ ငါက အလှူဒါန ပြုလုပ်ဖို့ စီမံနေတာ၊ မင်းတို့ဆီက ဘာမျှ မယူချင်ဘူး၊ ပြန်ယူသွားကြပါလို့

တောင်းတောင်းပန်ပန် ပြောယူရတဲ့ အဆင့်ထိ ရောက်သွားပါတယ်။ ဒီလိုနဲ့ ခုနစ်ရက်သာ ပြုလုပ်မဲ့ အလှူဒါနကြီးကိုခုနစ် နှစ် ခုနစ်လ ကြာအောင် အကြီးအကျယ် ပြုလုပ်သွားနိုင်ခဲ့ပါတယ်။ ဒီဝတ္ထုထဲမှာ လယ်ယာ ကိုင်းကျွန်းလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ ကုန်သွယ်မှု လုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ

လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ မွေးမြူရေးလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင်

စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ လခစား၊ မင်းမှု ထမ်း

လုပ်နိုင်သူတွေကိုလည်း သူ့နေရာနှင့် သူ့ဌာန အသီးသီး သင့်လျော်အောင် အလုပ်ခန့်ပေးခြင်း၊ လစာအပြည့်အ၀ ထုတ်ဝေပေးခြင်းတွေ ပြုလုပ်စေပါတယ်။ ဒီတော့ တစ်တိုင်းပြည်လုံး အလုပ်လက်မဲ့ မရှိတော့ပါဘူး။ ကိုယ်ကျွမ်းကျင်ရာ၊ ကိုယ်စွမ်းနိုင်ရာ ကိုယ်လုပ်ချင်တာ အလုပ်တွေ လုပ်နိုင်

သွားကြပါတယ်။ ရှင်ဘုရင် အကူအညီ ပုရောဟိတ် အကူအညီတွေနှင့် လုပ်နိုင်သွားကြတာပါ။ ကိုယ့် အလုပ်နှင့် ကိုယ် အလုပ်လုပ်နေကြရတာဖြစ်တော့ ခုခေတ်စကားနှင့် ပြောမယ် ဆိုလျှင်

အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်လာပါတယ်။ သူခိုး ဓားပြ သူပုန်တွေကို

နှိပ်စက်တာမျိုးလည်း မရှိတော့ပါဘူး။ သူခိုး ဓားပြ သူပုန်တွေ ကို မရှိတော့တာပါ။ ဘုရင်နှင့် တကွ တစ်တိုင်းပြည်လုံးကြွယ်ဝ ချမ်းသာပါတယ်။ ဒါကို သုံးသပ် ကြည့်မယ် ဆိုလျှင် စာထဲမှာ လယ်ယာ

လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ လခစား လုပ်ငန်း စွမ်းနိုင် သူတွေလို့ ပါပါတယ်။ ဒါကြောင့် ပထမ ဦးစားပေး လုပ်သင့်တာက တော့ အရင်းအနှီး နည်းပညာ ဖြန့်ဝေပေးမယ် ဆိုလျှင် စွမ်းဆောင်နိုင်မည့် သူ လုပ်ချင်စိတ်ရှိသူ ၀ါသနာ ပါ ရှိသူများ ကို ဦးစားပေးသင့်ပါတယ်။ ဒါမှ ဖြန့်ချိ

ထိုက်တဲ့ အရင်းအနှီး တွေ အဆုံးအရှုံး နည်းပါးပြီး အလျင်အမြန်တိုးပွါးလာမှာ ဖြစ်ပါတယ်။ နောက်မှ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး၊ စသည်ဖြင့် မိသားစုမကျန် စီမံနိုင်ပါတယ်။

ဒါကတော့ စီမံ ခန့်ခွဲ ပုံပြောတာပါ။ အဲဒီလို စီမံ ခန့်ခွဲတဲ့နေရာမှာ အရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဘုရားဟော ဇာတ်တော်တွေထဲက ထုတ်နုတ်ပြီးတော့ ပြောပါအုံးမယ်။

ဆင်းရဲသားပပျောက်ရေးတရားတော် .... ၈ နည်းစဉ် - ၄ ဂန္ဓတိန္ဒု ဇာတ်

ဟိုးတုန်းက ရှင်ဘုရင်တစ်ပါး ရှိတယ်။ အဂတိ လိုက်စား မတရားသဖြင့် မေ့မေ့လျော့ လျော့ ပေါ့ပေါ့ ဆဆ နှင့် မင်းပြုနေတယ်။ ဒါပေမဲ့ မြို့အပြင်ဘက်က နံ့သာတည်ပင်ကြီး ကိုတော့ တစ်နှစ်တစ်ကြိမ်

(တစ်ထောင်တန်) အကုန်အကျခံပြီး ပူဇော်ပသလေ့ရှိတယ်။ အဲဒီတုန်းက တည်ပင်စောင့် ရုက္ခစိုးဟာ ဘုရားလောင်းဖြစ်နေတယ်။ ဘုရားလောင်းဆို တော့ သူ့အပေါ် ကျေးဇူးများတဲ့ ဘုရင့်အပေါ် လျစ်လျူရှု မထားရက်ဘူးပေါ့။ ဒါနှင့် ညအခါ ရှင်ဘုရင်အိပ်နေတဲ့ ကျက်သရေ အိပ်ခန်းဆောင်

ဘုရင့်သလွန်တော်ခေါင်းရင်းမှာ အရောင်အ၀ါတွေ နှင့် ကိုယ်ထင်ရှားပြပြီးတော့ ဘုရင့်ကို ဆုံးမတယ်။ အဲဒီထဲက အားလုံးတော့မဟုတ်ဘူး လိုရင်းကို ပြောကြတာပေါ့။

မဒါ ပမာဒေါ ဇာယေထ။ ။ မာန်ယစ်ခြင်း ကြောင့် မေ့လျော့ ပေါ့ဆမှုတွေ ဖြစ်တတ်တယ်။ ကျန်းမာနေပြန်ရင်လည်း ငါကျန်းမာနေတာပဲ ဘယ်သူ/ဘယ်ဟာ/ဘာ အရေးစိုက်စရာလိုသလဲ၊

အရွယ်ကောင်းဖြစ်နေပြန်လျှင်လည်း မာန်တက်ပြန်ရော။ ငါ လုပ်နိုင် ကိုင်နိုင် အရွယ်ရှိသေးတာ ဘယ်သူ/ဘယ်ဟာ / ဘာ အရေးစိုက်စရာလိုသလဲပေါ့။

ကုန်ကုန်ပြောရရင် အသက်ရှင်နေတာကိုပဲ မာန်တက် ချင်နေကြတာကလား။ ငါမှ မသေသေးပဲ ဘယ်သူ/ဘယ်ဟာ/ဘာ အရေးစိုက်စရာ လိုသလဲ ပေါ့။ ဒါကို မာန်ယစ်တယ် မာန်တက်တယ် လို့ ခေါ်တယ်။ အဲဒီလိုပဲ ပညာမာန်တွေ ဓနမာန်တွေ အာဏာမာန်တွေ (စသည်)၂ ဖြင့်အများကြီးပဲ မာန်ယစ်တတ်တာတွေ /မာန်တက်တတ်တာတွေပေါ့။ အဲဒီလို မာန်တက်တော့ ဘာဖြစ်သလဲ။ မာန်ယစ်နေတုန်း မာန်တက်နေတုန်း ကောင်းတဲ့ အလုပ်တွေလုပ်ဖို့ အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကြုံလာလျှင် အရေးမကြီးပါဘူး ဆိုပြီး မေ့ပစ်တယ်။ မလုပ်ဖြစ်ဘူး။ မကောင်းတဲ့ မလုပ်သင့်တဲ့ အလုပ်တွေကိုလည်း ဘာဖြစ်လဲ ဆိုပြီး ပေါ့တိပေါ့ဆ လုပ်တတ်တယ်။ ပမာဒေါ တယတေ ခယော။ ။ ဒီလို မေ့မေ့ လျော့လျော့ ပေါ့တိပေါ့ဆ လုပ်လာတော့ အဘက်ဘက်က ချွတ်ယွင်းမှုတွေ ဆုံးရှုံးမှု တွေ ပျက်စီးမှုတွေ ဖြစ်လာတတ်တယ်။

ခယာ ပဒေါသာ ဇယန္တိ။ ။ ဒီလိုပျက်စီးမှုတွေ နှင့် ကြုံရတဲ့အခါ ရမ်းကားလာတတ်တယ်။ နဂိုက ဒီလူ ဒီလို မဟုတ်ပါဘူး။ ခုကျမှ ဒီလို ဆိုတာမျိုး ပစ္စည်းရှိတုန်း၊ အာဏာရှိတုန်းက တစ်မျိုး ပစ္စည်းမရှိ

အာဏာမရှိတော့ တစ်မျိုးဆိုပြီးတော့ ပတ်ဝန်းကျင်ကို ရမ်းကားတတ်တယ်။ နဂိုအတိုင်း ပြန်ဖြစ်အောင် လုပ်ပြန်တော့လည်း နည်းမမှန် လမ်းမကျ ဥပဒေ နှင့် မလွတ်ကင်းတာတွေ ဒုစရိုက်နှင့်

မလွတ်ကင်းတာတွေ လုပ်မိလို့ နဂိုအဆင့် ပြန်မရောက်ရုံမျှမက ဒုက္ခပါရောက်ရပြန်တယ်။ မထူးပါဘူး ဆိုပြီးတော့ မထူးဇာတ်ခင်းမှ ပိုတောင်ဆိုးသေးတယ်။ အစကတည်းက မေ့မေ့လျော့လျော့

ပေါ့ပေါ့ဆဆနှင့် နေလာခဲ့တာ။ လုပ်သင့်တာတွေကို လုပ်ရကောင်းမှန်းမသိ မလုပ်သင့်တာတွေကို ရှောင်ရကောင်းမှန်းမသိ ၀ါသနာအလျောက် မလုပ်သင့်မလုပ်ထိုက်တာတွေ ကိုပဲ

လျှောက်လုပ်တတ်တယ်။ ဒါကြောင့် ပျက်စီးလာလျှင် အပြစ်တွေ ပိုများလာတတ်တာပေါ့။ မာမဒေါ ဘရတူသဘ။ ။ တိုင်းပြည်တာဝန်တို့လို အလွန်ကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင် ရတဲ့ ပုဂ္ဂိုလ်မျိုးဟာ ဘယ်တော့မှ မာန် မယစ်ပါနှင့် လို့ ဆုံးမတယ်။ ဒီနေရာမှာ ဘာသတိပြုသင့်သလဲ ဆိုတော့ (၁) မာန်ယစ်တာတွေ မရှိသင့်ဘူး။ မာန်တက်တာ တွေ မဖြစ်သင့်ဘူး။ ကျန်းမာနေရင်လည်း

ကျန်းမာနေတုန်း ကြိုးစားမှ ဆိုပြီးတော့ လုပ်သင့် လုပ်ထိုက်တာတွေ ကြိုးစား လုပ်ရမှာဖြစ်တယ်။ အရွယ်ကောင်း နေရင်လည်း အရွယ်ကောင်းတုန်း ကြိုးစားမှ။ အသက်ရှင်နေရင်လည်း

အသက်ရှင်နေတုန်း ကြိုးစားမှ၊ အာဏာရှိတော့ အာဏာရှိတုန်း ကြိုးစားမှ၊ ပစ္စည်းရှိနေရင်လည်း ပစ္စည်းရှိနေတုန်း ကြိုးစားမှ စသဖြင့် ရရှိနေတဲ့ အခြေအနေကောင်းတွေကို မာန်တက်နေမည့်အစား အသုံးချပြီး ကြိုးစားရမှာ ဖြစ်တယ်။

(၂) လုပ်ခွင့်သာတဲ့ အချိန်ကလေး ရရှိထားခိုက် လုပ်သင့်တာတွေ လုပ်မိအောင် မလုပ်သင့်တာတွေ မလုပ်ဖြစ်အောင် လုပ်ရမှာဖြစ်တယ်။ လုပ်သင့်တာတွေ လုပ်ဖြစ်အောင် လုပ်တာတော့ဟုတ်ပါပြီ။

မလုပ်သင့် တာတွေ မလုပ်ဖြစ်အောင် တော့ ဘယ်လို လုပ်ရမလဲ၊ မလုပ်သင့်တာတွေ မလုပ်မိအောင် အထူးရှောင်နေတာထက် အဲဒီအချိန်မှာ လုပ်သင့်တာ လုပ်လိုက်လျှင် ပြည့်စုံပါပြီ။

(၃) အကြောင်းအမျိုးမျိုးကြောင့် ကောင်းဆိုးနှစ်တန် လောကဓံတွေရဲ့ အလှည့်အပြောင်းမှာ အဆိုးလောကဓံ နှင့် ကြုံရပြီ ဆိုလျှင်ကော ဘယ်လိုလုပ်မလဲ။ ပြန်လည်တည်ဆောက်ရေးကို

အားသွန်ခွန်စိုက် လုပ်ရအုံးမှာပေါ့။ ဒီလို လုပ်တဲ့ နေရာမှာတော့ အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဥာဏ်နှင့် သတိယှဉ်ပြီး အလုပ်လုပ်ရမှာပေါ့။ ဟုတ်တယ်လေ။ ဘ၀ဆိုတဲ့ ခန္ဓာစဉ်က

ဒီဘ၀မှာတောင်မှ သေဆုံး ပြတ်စဲသွားတာ မဟုတ်သေးဘူး။ ရှေ့ဆက် အသက်ရှင်ရမှာ မဟုတ်ဘူးလား။ သေသွားရင်ကော နောက်ဘ၀ ဒီခန္ဓာစဉ် ဆက်သွားဦးမှာ မဟုတ်လား။ ဒီတော့ မထူးပါဘူး ဆိုပြီးတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဇွတ်နစ်နေလို့ ဖြစ်ပါအုံးမလား။

Related Documents

Non Poor
May 2020 18
Poor
November 2019 44
Poor Poor Iraq
May 2020 15
Poor White
June 2020 4
Salem Poor
June 2020 11
Poor. Painting
December 2019 18