၂၀၀၉ နိုင်ငံရေး စစ်တမ်း - အပိုင်း (၆) ဆောင်းပါး ဘိုဘိုကျော်ငြိမ်း ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 15 ရက် 2009 ခုနှစ် 21 နာရီ 18 မိနစ်
လိုအပ်ချက်ကို ဆန်းစစ်ခြင်း - Needs Analysis
တိုက်ပွဲတပွဲကို မတိုက်ခင်ဖြစ်စေ အစီအစဉ်တခုကို ဖော်ထုတ်ရာတွင်ဖြစ်စေ (လိုအပ်မှု) Needs (သို့) Requirements တွေကို ဆန်းစစ်ရပါမယ်။ ဒါမှ ဖြည့်ဆည်းမှု Logistics နဲ့ သင်တန်း Training တွေကို ဖြည့်ဆည်းပြီး အဆင်သင့် ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အတိုက်အခံတွေက အနှစ် ၂ဝ ကြာ လက်ရှိ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေ ကြပေမယ့် မိမိတို့ရဲ့ လိုအပ်ချက်ကို ဆန်းစစ်ခြင်း မရှိခဲ့ကြဘူး။ ‘လိုအပ်’ တာကို မသိရင် ‘ဖြည့်ဆည်းမှု ’ နဲ့ ‘ပြင်ဆင်မှု’ မရှိနိုင်တာကြောင့် ‘တိုးတက်မှု’ နဲ့ ‘အောင်မြင်မှု ’ မရှိခဲ့ကြဘူး။ ဒါရဲ့ ရလဒ်က စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုကြီးဟာ ဦးတည်ချက် မရှိဘဲ ထိရောက်မှုမရှိ ဖြစ်ခဲ့ကြရတယ်။ နောက်ဆက်တွဲ ဖြစ်ရပ်ကအချိန်ြ ကာလာတော့ ယုံကြည်မှုနဲ့ မျှော်လင့်မှုတွေလျော့ရဲလာတာပေါ့
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မကြိုက်တာ ရာခိုင်နှုန်းပြည့်နီးပါး မဟုတ်ရင်တောင် ‘အများ’ က ‘မကြိုက်’ ကြတာ ထင်ရှားပါတယ်။ စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ ပေးနေတဲ့ အစိုးရ ယန္တရားထဲမှာပဲ ဖြစ်ဖြစ် စစ်တပ်ထဲမှာတောင် လက်ရှိအာဏာရှင်စနစ်ကို ‘မနှစ်မြို့’ သူတွေ ရှိကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေ လက်အောက် မှာ ဖွဲ့စည်းမှုရှိတဲ့ စစ်တပ်နဲ့ အစိုးရ ယန္တရားရှိတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေမှာ ‘အင်အား’ ရှိတယ်လို့ ပြောလို့ ရနိုင်တယ်၊ ဒါကြောင့် (မလှုပ်) ရဲကြဖူးပေါ့။
ကျနော်တို့ အတိုက်အခံတွေမှာ စံနစ်တကျ ဖွဲ့စည်းမှုရှိတဲ့ လှုပ်ရှားမှု (Organized Movement) မရှိကြဘူး။ အဝေးရောက် အစိုးရအဖွဲ့ ဆိုတာ ၅ ယောက်အဖွဲ့ကနေ - အနှစ် ၂ဝ ကြာမှ ဝိုင်းပြောကြလွန်းလို့ ၇ ယောက် အဖွဲ့ ဖြစ်လာရတယ်။ NLD မှာ ဖွဲ့စည်းပုံ ရှိပေမယ့် CEC တွေက လှုပ်ရှားခွင့်နဲ့ ဦးဆောင်မှု မပေးနိုင်တာကြောင့် စက္ကူပေါ်ဖွဲ့စည်းမှု အဆင့်သာသာပဲ ရှိပါတယ်။ ယနေ့တိုင် လက်တွေ့မှာ နယ်တိုင်းနယ်တိုင်း မြို့နယ် ရပ်ကွက်အထိ လူ ရှိတာ NLD ပဲ ရှိတယ်။ အထူးသဖြင့် ‘လူငယ်’ အပိုင်းမှာပေါ့။ ဒါပေမဲ့ ထိပ်ပိုင်းက အစိုးရိမ်လွန်တာကြောင့် အားလုံး ဝါးလုံးကိုင်ပြီး ကင်းစောင့်နေကြရသလို ဖြစ်နေတယ်။
၈၈ တော်လှန်မှုကြီးအပြီးမှာ လူငယ်တွေ အုပ်လိုက်ကြီး ပြည်ပကို ထွက်ခဲ့ကြတယ်။ ကျောင်းသား တပ်မတော်ကြီးကို ထူထောင်နိုင်ခဲ့ကြပြီး မျှော်လင့်ချက် ပေးနိုင်ခဲ့ကြတယ်။ ကျောင်းသား တပ်မတော်ကြီး ရဲ့ ခေါင်းဆောင်ပိုင်း နှစ်ပိုင်းကွဲ သွားပြီးတဲ့နောက်မှာ ဒီအုပ်စုကြီးဟာ တိုင်းပြည်အသီးသီးကို လွင့်ထွက်သွားခဲ့ကြတယ်။ အများဆုံးကတော့ အမေရိကန် ပြည်ထောင်စုကို ရောက်နေကြတယ်။ အင်ဒီယားနားပြည်နယ်က ဖို့ဝိန်း (Ft Wayne) မြို့ဟာ မြန်မာရွာလို့ ပြောလို့ရ အောင် မြန်မာတွေ များပါတယ်။ ဒီလို စုစည်းလာတဲ့ ဒေသမှာ အင်အား တည်ဆောက်နိုင်ဖို့ ကောင်းတာပေါ့။ အင်အား တည်ဆောက်နိုင်ဖို့ နေနေသာသာ ကွဲနေလိုက်ကြရုံမက တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့တဦး ရန်ဆောင်တိုက်ခိုက်နေလိုက်ကြတာ မြင်ရက်စရာမရှိပါ။
ထို့နည်းတူစွာ မြန်မာတွေရှိတဲ့ ဝါရှင်တန် ဒီစီမှာပဲ ကြည့်ကြည့်၊ နယူးယောက်မှာပဲ ကြည့်ကြည့်၊ ဂျပန်မှာပဲ ကြည့်ကြည့်၊ မလေးရှားမှာပဲ ကြည့်ကြည့်၊ မြန်မာတွေရှိရင် အကွဲဇာတ်လမ်းတွေက ရှိစမြဲပဲ စိတ်မကောင်းစရာ။
ဘာကြောင့် (ကွဲ) ကြတာလဲ?
ကျနော် ဉာဏ်မီသလောက် ဉာဏ်ကလေးနဲ့ သုံးသပ်ကြည့်နိုင်တာကတော့ ကျနော်တို့ရဲ့ ယဉ်ကျေးမှုမှာ - patronage လို့ခေါ်တဲ့ ဆရာမွေး၊ တပည့်မွေး အကျင့်က ကြီးစိုးလျက်ရှိသေးတယ်။ ဒါကြောင့် နည်းနည်းလေး အတောင်ပေါက်လာရင် အစွမ်းပြချင်ကြတယ်။ ငါတတ်ပြီ ငါ ‘ဆရာ’ ဆိုတာကို လူသိအောင် လက်ခမောင်း ခတ်ပြချင်ကြတယ်။ တပည့်တွေ ကလည်း ‘ငါ့ဆရာ’ ကို မထိနဲ့ ဆိုတဲ့ မာန်တွေဝင် ကွဲကုန်ကြရော။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုဟာ - ငါ ဆိုတဲ့ မာန်တွေ၊ အီကို (Ego) တွေနဲ့ ဖုံးလွှမ်းလျက်ရှိတယ်။ လူဆိုတာ အားနည်းချက်တွေ ရှိကြသလို၊ အားသာချက် ဆိုတာလည်း ရှိကြစမြဲပဲ။ လူတိုင်းလူတိုင်းမှာ ထူးချွန်တာလေးတွေ ရှိကြပြီး အဖွဲ့အစည်းတခု လူ့အသိုင်းအဝိုင်း (Community) တခုမှာ သူ့နေရာနဲ့သူ အသုံးဝင်တဲ့ နေရာကလေးတွေ ရှိတယ်။ လူတိုင်း ပါဝင်ကွက်လပ်ဖြည့်နိုင်တယ်ဆိုတာကို သတိ မရှိကြဘူး။ သူကလည်း ဆရာ၊ ငါကလည်း ဆရာ၊ ဟိုကလည်း ဆရာ၊ ဒီကလဲဆရာ-ဆရာ အချင်းချင်း ‘ငါ’ ဆိုတဲ့ မာန်၊ မာနတွေနဲ့ ကွဲလိုက်၊ ပြိုင်လိုက်၊ တိုက်ခိုက်လိုက်ကြတော့ ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေကတဆင့် အုပ်စု တိုက်ပွဲတွေဖြစ်ကြပြီး စုစည်းလို့ မရကြတော့ - ဖွဲ့စည်းမှုရှိတဲ့ လှုပ်ရှားမှုကြီးကို မဖော်ထုတ်နိုင်ကြတော့ဘူးပေါ့။
ကျနော်တို့တတွေရဲ့ နောက်ထပ်ဆိုဝါးတဲ့ အကျင့်တခုက သွေးဆူလွယ်တယ်။ တဦးနဲ့ တဦး ခွင့်လွှတ်ပြီး နားလည်ပေး တဲ့ အကျင့်မရှိဘူး။ ထိုင်းလူမျိုးတွေကိုကြည့်ရင် အများအားဖြင့် ခွင့်လွှတ်တယ်။ သွေးအေးတယ်။ အင်္ဂလိပ်လိုတော့ Tolerant ဖြစ်တယ် ပြောရမှာပေါ့။ ကျနော် ကိုယ်နှိုက်လည်း စိတ်မြန်တယ်။ သွေးဆူလွယ်တယ်။ တခါတခါ စိတ်ဆိုးပြီး ဆဲဆိုပြီးမှ ဘေးက ထိုင်းတွေကိုကြည့်ပြီး ‘သတိ’ ဝင်လာတယ်။ ကိုယ့်ကိုကိုယ်လည်း ရှက်မိတယ်။ ဘယ်လူမျိုးကပဲဖြစ်ဖြစ် ကောင်းတဲ့ အကျင့်ကို အတုယူသင့်တယ်လို့ ထင်လို့ပါ။ ဂျပန်တွေဟာ အင်မတန်စည်းကမ်းရှိတယ်။ ဝိရိယရှိတယ်။ သန့်ရှင်းမှုကို ကြိုက်တယ်။ ဒါကောင်းသော အကျင့်တွေမို့ အတုမယူသင့်ဘူးလား?
ငါ ဆိုတဲ့ မန်မာနကြီးပြီး သွေးဆူလွယ်တဲ့ မြန်မာတွေ ဖွဲ့စည်းမှုမရှိဘဲ အချင်းချင်းကွဲနေကြတာ ဘယ်ထူးဆန်းပါ့မလဲ။ ဒါကြောင့် ပင်ကိုစိတ်သဘောထားက စလို့ ပြင်ဖို့ သတိရှိကြဖို့ စဉ်းစားသင့်တယ် ကိုယ်စီကိုယ်စီ အရည်အချင်း ရှိကြပါတယ်။
လူတဦးရဲ့ လက်တောင် အတိုအရှည် ရှိကြတာပဲ။ လူတဦးနဲ့တဦး စွမ်းဆောင်နိုင်တာချင်း ဘယ်တူနိုင်ပါ့မလဲ။ တချို့က စည်းရုံးရေးကောင်းတယ်။ တချို့က အတွေးကောင်းတယ်။ တချို့က ကာယအားကောင်းတယ်။ တချို့က ဉာဏအား ကောင်းတယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်အားသာချက်ကို သိရင် အဖွဲ့အစည်းရှိရင် ကိုယ်စွမ်းသမျှ ကိုယ်အားဖြည့်ပေးရင် ဒီအဖွဲ့အစည်းဟာ ကြီးထွားအားသန်လာမှာပေါ့။ ဒီလိုမဟုတ်ဘဲ အားလုံးက ခေါင်းဆောင်လုပ်ချင်၊ ဥက္ကဋ္ဌ လုပ်ချင်ရင်တော့ အဖွဲ့တွေ၊ ဥက္ကဋ္ဌတွေများပြီး ကျနော်တို့ တိုင်းပြည်လည်း စစ်ကျွန် စစ်ဖိနပ်အောက်က ဘယ်လွတ်ပါတော့မလဲ။
လူတိုင်းမှာ အားနည်းချက် ရှိကြတယ်။ ဒါ ရှက်စရာမဟုတ်ပါ။ ဥပမာ ကျနော့်ဆီမှာ ပညာတတ် အကျင့်ဆိုးရှိတယ် လူတယောက်ကို စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းသက်သာ တွဲခေါ်ရှင်းလင်းပြပြီး စည်းရုံးနိုင်တဲ့ အရည်အသွေး မရှိဘူး။ ကျနော် စိတ်မရှည်ဘူး။ အချိန်ကုန် မခံချင်ဘူး။ ဦးတင်မောင်ဝင်း၊ ဦးဝင်းခက်၊ ကိုမိုးသီးတို့ဟာ ဒီနေရာမှာ ကျွမ်းတယ်။ စည်းရုံးဖို့ဆို တညလုံး မိုးလင်းပေါက် စိတ်ပါလက်ပါ စကားတွေ ဖောင်ဖွဲ့ အောင်ပြောနိုင်တယ်။ အောက်ခြေလူတန်းစားပါလာဖို့ဒီလို စည်းရုံးရေးသမားကောင်းတွေ လိုအပ်တာပေါ့။ ကျနော်က ထိပ်တိုက်ရင်ဆိုင်ဖို့ဆို နည်းနည်းမှ ဝန်မလေးဘူး။ တချို့က အားနာတတ်တယ်။ ရင်ဆိုင်ဖို့ဆို မလိုလားဘူး။ ကျနော်က တွေဝေမနေတတ်ဘူး။ ဆုံးဖြတ်ရဲတယ်။ တချို့က ဘာမဆို ဆုံးဖြတ်ရမှာ ကိုကြောက်တယ်။ ကိုယ့်အားနည်းချက် ကိုယ့်အားသာချက်တွေသိရင် ကိုယ်စွမ်းဆောင်နိုင်တဲ့ အပိုင်းက ‘က’ ကြရုံပဲ ရှိတာပေါ့။ လူတိုင်း ခေါင်းဆောင်လုပ်ဖို့ ကြိုးစားကြမယ့်အစား ကိုယ်နိုင်ရာက အားဖြည့်ကြရင် ကိုယ့်အဖွဲ့အစည်း ကြီးထွား အောင်မြင်လာရင် ရေမြင့်ရင် ကြာတင့်သလို ကိုယ်လည်း အရေးပါလာကြမှာပေါ့။
ကျနော်တို့နိုင်ငံမှာ အဖွဲ့အစည်းဆိုတာ စစ်တပ် ဘဲရှိတာကြောင့် ကျနော်တို့ အများစုဟာ အဖွဲ့အစည်းနဲ့ အဖွဲ့စည်း
အတွင်း အလုပ်မလုပ်တတ်ကြဖူးလို့မြင်မိတယ်။ အဖွဲ့အစည်းကို ဂုဏ်ယူတာ သစ္စာရှိ တာတွေကို သဘော မပေါက်ကြဖူးလို့ ထင်မိတယ်။ တယောက်နဲ့တယောက်မတဲ့တာနဲ့ အဆင်မသင့်တာနဲ့ ခွဲထွက်ကြဖို့ စဉ်းစားကြပြီ။
ယဉ်ကျေးမှုတော်လှန်ရေးမှာ တိန်လျောက်ပိန်ဟာ ရာတူးကဖယ်ရှား ခံရပေမဲ့ ကွန်မြူနစ်ပါတီအပေါ်သစ္စာမပျက်ဖူး။ မော်စီတုံးက အရေးယူပေမဲ့ သူ့ကိုကွန်မြူနစ်ပါတီဝင် အဖြစ်ကမထုတ်ပြစ်တာကိုဘဲ ကျေနပ်နေတယ်။ ဒါ အဖွဲ့အစည်း အပေါ်သစ္စာရှိတာ ကိုယ့်အဖွဲ့အစည်းကို လေးစားတာ ဂုဏ်ယူတာ။
လက်ရှိ ဗမာစစ်တပ်ကို လေ့လာကြည့်ရင်လည်း စစ်ဗိုလ်လူထွက် အများစုဟာ လက်ရှိ နအဖ စစ်ဗိုလ်တွေကို မုန်းရင်မုန်းမယ် မိခင်အဖွဲ့အစည်း စစ်တပ် ကိုမမုန်းကြတာတွေ့ရတယ်။
ကျနော်တို့ လူတွေကိုလေ့လာကြည့်ပါ။ ABSDF မှာခေါင်းဆောင်ခဲ့ကြတဲ့ အတူတူအသေခံတိုက် ခဲ့ကြပါတယ် ဆိုတဲ့လူတွေ လက်ရှိ ABSDF ကို ဘယ်နှစ်ယောက် ပြန်ပန့်ပိုးကြပါသလဲ။ လက်ရှိ အမေရိကားမှာ ABSDF ကို လက်နက်ကိုင်တွေဆိုပြီး ကျောင်းသားစစ်တပ်အဖွဲ့ဝင်ဟောင်းတွေဆိုရင် ဟန့်တားမှုရှိတာတွေ တွေ့မြင်လာ ရတယ်။ (ဥပမာ။ ။ ဂရင်းကပ်(ဒ်) Green Card ကနေ Citizen စစ်တီဇင် မတိုးပေးချင်ဖူး။ Refugee ကနေ ဂရင်းကပ် (ဒ်) ကိုတိုးပေးဖို့ အငြင်းခံရတာ တွေရှိနေတယ်။ ကျနော်က ကိုယ့်အလုပ်မဟုတ်ပေမဲ့ မခံချင်လို့ ဒါကိုလူစုပြီး အမေရိကန် ကွန်ကရက်မှာ လော်ဘီ လုပ်ဖို့ကျနော် လေးစားတဲ့ ကျောင်းသားခေါင်းဆောင် (၂) ဦးကို တီးခေါက်ကြည့်မိတယ်။ အချိန်မရှိပါဖူးအကိုရာတဲ့။ အဲသလိုမျိုးတွေဖြစ်တော့ မိခင်ဖွဲ့အစည်းကို မခင်တွယ်တော့ဖူးပေါ့။
တော်လှန်ရေးအောင်မြင်ဖို့ ဖွဲ့စည်းမှု စနစ်ရှိတဲ့ လှုပ်ရှားမှု ရှိမှဖြစ်မယ်။ ဖြစ်ရအောင် သဘောထား ရော အမြင်ပါ ပြောင်းဖို့လိုတယ်မဟုတ်လား။
ဒီနေရာမှာ ထပ်ဖြည့်ချင်တာက အားလုံးညီညွတ်တဲ့ အဖွဲ့ကြီးဖေါ်ဆောင်ရမယ်လို့ ဆိုလိုရင်းမဟုတ်ရပါ။ နံမည် ကျော်ကြားတဲ့အဖွဲ့ပင်ဖြစ်စရာမလိုပါ။ အလုပ်ဖြစ်တဲ့ စေတနာမှန်တဲ့ လူစုတစု က စရင်း အလုပ်မှန်ခဲ့ရင် အရှိန်ရလာမှာပါ။
ငွေ…ငွေ…ငွေ
ဘယ်လှုပ်ရှားမှု ဘယ်အဖွဲ့အစည်း ဘယ်မြေအောက်လှုပ်ရှားမှု မဆို ‘ငွေ’ မရှိဘဲ မရပါ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ လှုပ်ရှားမှု အထူးသဖြင့် ပြည်ပလှုပ်ရှားသူတွေရဲ့ အဓိက အမှားက ‘ငွေ’ အတွက် နိုင်ငံခြားက (Donor) အလှူရှင်တွေကို မှီခိုအားထားနေကြတာပဲ။ ကြာတော့ လုပ်သင့်တာ မလုပ်နိုင် မလုပ်ဖြစ်ဘဲ တချို့က ပရောဂျက်မှီခိုသူတွေ ဖြစ်ကုန်ရော။ တချို့က ငွေမရှိတော့ ယောင် ၆ဝ ဖြစ်ကုန်ကြတယ်။ ဒို့အပြင် ဒိုနာဆိုတာက သူ့အကျိုး၊ သူ့ယုံကြည်ချက်တွေရှိစမြဲမို့ ဒါတော့မလုပ်ရ၊ ဒါတော့မထိရဆိုတဲ့ ကန့် သတ်ချက်တွေ ရှိပြန်တယ်လေ။
ဒိအပြင် အတိုင်ပင်ခံပညာရှင် Consultant တွေ ၊ လောဘီရစ် တွေကအပေါ်ကဖြတ်စားကြပြန်တော့ တကယ်အလုပ်လုပ်ဖို့ ငွေက မလောက်မငှဘဲ၊ ကျန်တော့တာ ပါ။ တကယ်လက်တွေ့မှာ နံမည်ပျက်ကောင်းရုံဘဲ ကျန်တော့တာပါ။
ဒါကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ကျန်တာတွေ အချိန်ဖြုံးတာထက် ‘ငွေ’ ကို ရှာနိုင်မယ့် ဖွဲ့စည်းမှု ရှိတဲ့ လှုပ်ရှားမှုကို အရေးပေးသင့်တယ်။ ကိုယ့်ငွေ ကိုယ်ရှာနိုရင် ကိုယ်နိုင်ငံအကျိုးအတွက်သက်သက် သုံးနိုင်တာပေါ့။
မြန်မာတွေအတုယူစရာ
ကမ္ဘာတလွှမ်း ပြန့်ကြဲနေကြတဲ့ တမီလ်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ တမီလ်တိုက်ဂါး Tamil Tiger တွေကို ထောက်ပံ့ နိုင်ခဲ့တယ် စစ်တပ်ကို ထောင်နိုင်ရုံမက ရေတပ်၊ လေတပ်ကိုပါ တည်ထောင်နိုင်ခဲ့တယ်။ ထို့နည်းတူစွာ ပဲ ကပ်ဒ် Kurds လူမျိုးတွေဟာ PKK ကို ထူထောင်နိုင်တယ်။ နီပေါ(လ်) Nepal က Maoist မော်ဝါဒီ ကွန်မြူနစ်တွေဟာလည်း တကမ္ဘာလုံး ရှိနေကြတဲ့ ဂေါ်ရခါးတွေဆီက ငွေကောက်ခံပြီး တော်လှန်ရေး လုပ်နိုင်ရုံမက အခု - အစိုးရပါဖွဲ့နိုင်ပြီ။ (မှတ်ချက် Tamil Tiger တွေနောက်ဆုံး အရေးမလှဖြစ်ရတာက မြေပြင်က ခေါင်းဆောင်မှုကြောင့်ပါ)
ကျနော်တို့ဗမာတွေ တယောက်ပေါက်စီ တဖွဲ့စီအော်နေကြမဲ့အစား ဒီလူမျိုး ဒီအုပ်စုတွေ ဘယ်လို ငွေကောက်ခံ ကြသလဲ။ ဘယ်ပုံနဲ့ဖွဲ့စီးကြသလဲဆိုတာကို လေ့လာပြီး ငွေကောက်ခံနိုင်ခဲ့ရင် ဗမာတွေကိုယ့်နိုင်ငံအက်ျိုး ကိုယ်လုပ်နိုင်ရင် ပိုမထိရောက်နိုင်ဖူးလား။
၈၈ က စလို့ အခုထိ နယ်စပ်ကနေ တကမ္ဘာလုံးပြန့်ကုန်တဲ့ မြန်မာနိုင်ငံသားတွေဟာ နည်းမှမနည်းတောပဲ့။ ဒါပေမဲ့ ဖွဲ့စည်းမှုရှိတဲ့၊ စနစ်ရှိတဲ့ အဖွဲ့အစည်း Organized & Systematic Organization ကို မဖွဲ့နိုင်ဘူး။ ဖွဲ့ရမှန်းလည်း မသိတာကြောင့် တယောက်တပေါက် အော်ကြ၊ ငိုကြ၊ ဆဲကြနဲ့ ရှင်းရှင်းပြောရရင် ‘အလုပ်’ မရှိကြဘူး ‘မလုပ်’ တတ်လို့ ‘အလုပ်’ မရှိကြတာပါ နိုင်ငံလိုက် နိုင်ငံလိုက်၊ မြို့လိုက် မြို့လိုက်၊ စံနစ်တကျ ငွေစုပြီး ဒီလူတွေက စံနစ်တကျ အဖွဲ့တဖွဲ့ တည်ဆောက်နိုင်ရင် ငွေတွေ ဘယ်လောက် စုမိကြမလဲ။ ငွေရှိရင် လုပ်စရာတွေ အများကြီးရှိတယ်။
ငွေရှိရင် ဘာလုပ်နိုင်မှာလဲ။
ဥပမာ- ပြည်တွင်းမှာ စိတ်ဓာတ်ပြင်းတဲ့ လူတွေ ရှိတယ်။ အလုပ်လုပ်ချင်တဲ့ NLD လူငယ်တွေ ရှိတယ်။ ဒီလူတွေ လှုပ်ရှားဖို့ ငွေ လိုတယ်။ စည်းရုံးဖို့ ငွေ လိုတယ်။ ခေါင်းဆောင်မှု သင်တန်းတွေပေးဖို့ ငွေ လိုတယ်။ ထောက်လှမ်းရေးလိုက်ရင် ပြေးဖို့ ငွေ လိုတယ်။
လက်ရှိ ပြည်တွင်းမှာ UG လုပ်တယ်ဆိုတာ တကယ် ‘လိုအပ်မှု’ နဲ့ ယှဉ်ကြည့်ရင် နည်းလွန်းတယ်လို့ ထင်တယ်။ မြေအောက် လှုပ်ရှားမှု တကယ်လုပ်ရင် နောက်က ထောက်လှမ်းရေးကို ဘယ်လို ခြေရာဖျောက်မှာလဲ။ ဘယ်လို ဆက်သွယ်ကြမှာလဲ။ Safe House လို့ခေါ်တဲ့ လုံခြုံတဲ့ နေရာ ဘယ်လို ဖန်တီးမလဲ။ Network ကွန်ယက်ကို ဘယ်လို ဖော်ဆောင်မလဲ။ ဘယ်လို လူတွေကို ဘယ်လို စည်းရုံးမလဲ။ ဘယ်မှာ ရှာမလဲ။ ထောက်လှမ်းရေး သူလျှိုတွေကို ဘယ်လိုရှောင်မလဲ။ ဘာတွေသတိထားရမှာလဲ။ အဆင့်ဆင့်ဘယ်သူတွေကလမ်းညွန်ချက်ပေးမှာလဲ။ ဒီလိုအပ်တဲ့ ပညာတွေကို ဘယ်လို၊ ဘယ်သူက၊ ဘယ်မှာ သင်တန်းပေးမှာလဲ။ ဆိုတဲ့ လက်တွေ့ ပြဿနာတွေ အများကြီးရှိတယ် ပြင်ဆင်မှုတွေ အများကြီး လိုပါတယ်။ ဒါတွေ ဖော်ဆောင်နိုင်ဖို့ လူ၊ အဖွဲ့အစည်း၊ ငွေ မရှိဘဲ မရပါ။
ယူဂျီ ကွန်ယက် (UG network) ကိုဖေါ်ဆောင်နိုင်ဖို့ ဆိုတာပြောတော့လွယ်ပေမဲ့ ယုံကြည်မှုနဲ့ စိတ်ဓါတ်အပြင် လိုအပ်တာတွေ အများအပြားရှိတာကြောင့် အခက်အခဲတွေကြားက ဖေါ်ဆောင်ရမှာပါ။
ယူဂျီကွန်ယက်ကို ထောင်နိုင်ရင်တောင် အဖမ်းခံရရင် ဘာပြောမယ် ဘာမပြောဘူး၊ ဇာတ်လမ်းက ဘယ်လိုဆိုတာတွေ တယောက်မိရင် တပြုံလုံးမပေါ်အောင် ဘယ်လို ဖြတ်မယ်ဆိုတာတွေဟာ Profession Training သင်တန်းမပေးဘဲ မရနိုင် ပါ ကျနော်တို့ဆီမှာ UG လက်တွေ့ ပြတ်ခဲ့တာ ကြာခဲ့ပြီဘဲ။ လိုအပ်ရင် ကွန်မြူနစ်တွေဆီက အတွေ့အကြုံတွေ
ပြန်ယူပြီး ပေါင်းလုပ်ရမှာပဲ။
နိုင်ငံအစိုးရတွေက ကူညီမှုမရနိုင်ရင်တောင် ငွေ ရှိရင် ဒီအတတ်ပညာတွေကို ပို့ချတဲ့ အတွေ့အကြုံရှိတဲ့ ပညာ ရှင်တွေကို ရှာယူလို့ရပါတယ်။
ကိုယ့်မြန်မာ နိုင်ငံသား အချင်းချင်း စနစ်တကျ အဖွဲ့အစည်း ဖွဲ့ပြီး၊ ငွေ မရှာနိုင်ရင် ကျနော်တို့အားလုံး စိတ်ကူးယဉ်နေ ကြတဲ့အဆင့်က ကျော်နိုင်စရာမရှိပါ။
လက်တွေ့ကျကျ သုံးသပ်ကြည့်ရအောင်
(၁) NLD CEC နဲ့ NCGUB တို့က ဝိုင်းဝေဖန်ရုံနဲ့ ဆင်းပေးမလား - မဆင်းဘူး (မှတ်ချက်-ရာဇဝင် သိအောင် ဖော်ထုတ်တာ တပိုင်းပေါ့ ) (၂) ပရော့ဂျက် နိုင်ငံရေးသမားတွေကော ဝေဖန်လို့ ရပ်သွားမှာလား - မရပ်ဘူး (၃) ငိုကြ၊ ရိုကြ၊ ဝိုင်းဆဲကြရုံနဲ့ နအဖ က ဒီမိုကရေစီ ပေးမှာလား - မပေးဘူး (၄) အဖွဲ့စည်းမရှိဘဲ ‘အင်အား’ ရှိမလား - မရှိဘူး
ဒါကြောင့် ရှိပြီးသား အဖွဲ့အစည်းတွေ ရှိပါစေ။ သူ့လမ်းနဲ့ သူသွားကြလိမ့်မယ်။ အဖွဲ့အစည်း ဆိုတာထက် Network ဆို ရင်ပိုမှန်လိမ့်မယ်။ အလုပ်ဖြစ်ဖို့ပဲ လိုတယ်။ လူသိစရာ မလိုပါ။ လူစုပြီး ရှာရတဲ့ ငွေနဲ့ ပြင်ဆင် - အထဲမှာ UG နည်းနဲ့ လူစု အရေးကြုံရင် - အဆင်သင့်ဖြစ်ရင် လူထု အင်အားပြနိုင်ရင် ပြောင်းလဲ မှု ဖြစ်လာရမှာပေါ့။
(အင်အား) ကြီးရင် တခါထဲရှင်း။ (အင်အား) မပြည့်စုံရင် (ဆွေးနွေး) ပွဲနဲ့ အဖြေရှာပေါ့။ (အင်အား) ရှိလာရင် NLD ကိုဝိုင်းရံပေးနိုင်တယ်၊ ဒေါ်စုလည်း (အား) ရှိတာပေါ့။
(မှတ်ချက် - မတတ်သာလို့ ပရောဂျက်ဝင်လုပ်နေရတဲ့ မျိုးချစ် လူကောင်းတွေ အများကြီး ရှိကြပါတယ်။ စေတနာ မှန်လို့ တိုးတက်မှုရှိလာရင် လူကောင်းတွေ စုလာကြမှာပါ။)
ဘဲဥ အစရှာမရ
ကျနော်တို့ အတိုက်အခံတွေဟာ ဘဲဥအစရှာမရသလို ဘယ်က ‘စ’ ရမှန်းမသိ ဖြစ်နေကြတယ်။ နအဖကို ဆဲဆိုရုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတာကို သတိရှိပုံ မရကြဘူး။ တကယ်တမ်းကျတော့လည်း ‘စ’ ဖို့ဆိုတာ ‘အသိ’ ရှိရင်တောင် တကယ့် လက်တွေ့မှာ မလွယ်ကူလှပါ။ မြန်မာ အများကို စည်းရုံးဖို့ဆိုတာ ၃ ယောက် ရှိရင်တောင် တဖွဲ့ထဲ ဖြစ်ဖို့ထက် ၃ ဖွဲ့ ဖြစ်ဖို့က များတာကိုး။ တဖက်ကလည်း မလွယ်လို့ မလုပ်ဘူးဆိုရင် လောကမှာ ဘယ်အရာမှ လုပ်စရာ ရှိတော့မှာ မဟုတ်ဘူးပေါ့ လွယ်လို့လုပ်ရမှာမဟုတ် လိုအပ်လို့ မလုပ်မဖြစ် လို့လုပ်ရမှာပါ
ကျနော်တို့ အတိုက်အခံတွေဟာ အနှစ် ၂ဝ ကျော်ခဲ့ပြီ၊ အခုထိ တော်လှန်မှုကို မစရသေးဘူး။ ဘယ်ဗျူဟာနဲ့ ဘယ်လမ်းကို လိုက်ပြီး ဘယ်အချိန်အတွင်းမှာ တိုးတက်မှု အင်အားရှိအောင် တည်ဆောက်မယ် ဆိုတာကို မစဉ်းစားရသေးဘူး အစမရှိရင် အဆုံးမပြောနဲ့ တိုးတက်မှုတောင် မရှိနိုင်ဘူးပေါ့။
အားရင် စစ်ဗိုလ်တွေကိုပဲ ဆန့်ကျင်ဖို့သက်သက် ဆန့်ကျင်နေကြရင် စစ်အာဏာရှင်စနစ်ဟာ တည်မြဲနေဦးမှာပဲ။
ကောင်းပြီ၊ ခင်ဗျား သိပ်တတ်နေရင် ဝင်လုပ်ဝင်ဦးဆောင်ပါလားလို့ မေးလာရင် -
ကျနော့်မှာလည်း အင်္ဂလိပ်လို Dilemma လို့ခေါ်တဲ့ လုပ်ချင်ေ ပမဲ့ ဝေခွဲရခက်တဲ့ ပြဿနာ ရှိတယ်။
ကျနော်ဟာ ဒီကနေ့အထိ စိတ်သန့်သန့်နဲ့ ကူညီနိုင်သလောက် ကူညီခဲ့တယ်။
အထူးသဖြင့် လူငယ်လေးတွေကို အတွေ့အကြုံနဲ့ အသိ ဝေမျှခဲ့ ချင်တာကကျနော့်စေတနာ အရင်းခံပါ။
နိုင်ငံရေးကို အကြောင်းပြပြီး ဘယ်သူ့ဆီကမှ တပြားတချပ်မှ မတောင်းခဲ့ဘူး ကိုယ့်စရိတ်နဲ့ ကိုယ်ရပ်တည်ခဲ့တယ်။
ကျနော် မသေခင် ကွယ်လွန်ပြီဖြစ်တဲ့ ကျနော့်ကျေးဇူးရှင် အဖေကြီးကို ကျနော်တတ်သမျှ ကူညီခဲ့ပြီလို့ တိုင်တယ်ရင်း စိတ်သန့်သန့်နဲ့ အသက်ထွက်သွားချင်တယ်။
နောက်တချက်က မြန်မာတချို့ဟာ Capacity လို့ခေါ်တဲ့ အသိဉာဏ်နည်းပြီး ဝါဒစွဲကြောင့်လည်းကောင်း၊ ပုဂ္ဂိုလ်စွဲ ကြောင့်လည်းကောင်း အဖေနာမည် တခုတည်းနဲ့ ပုဂ္ဂိုရ်ရေး တိုက်ခိုက်ချင်ကြတယ် ကျနော့်အားနည်းချက်က ရင်ဆိုင်မှု Confrontation ကို မကြောက်တတ်တာဘဲ ဒီအခြေမှာ လုပ်ချင်တာ လုပ်နိုင်တာထက် ပုဂ္ဂိုလ်ရေးတိုက်ပွဲတွေ ဆင်နွဲ နေရတာနဲ့ အလကား အချိန်တွေ ကုန်မှာကို မလိုလားဘူး မိမိနေရာ မိမိနံမည် ‘ရ’ ဖို့ထက် တိုင်းပြည်အတွက် ‘အကျိုး’ ရှိမယ့် ‘အလုပ်’ မျိုး (ပို) ဖြစ်မြောက်စေချင်တယ်။
ခင်ဗျား ကြောက်သလားမေးလာရင် စစ်အစိုးရကို ဆန့်ကျင်ရတာကို မကြောက် ငွေကြေး အရှုပ်အရှင်း ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေနဲ့ အချင်းချင်း အသေသတ်နေကြတဲ့ တွင်းနက်ထဲကို ခုန်ချမိမှာကိုတော့ ကြောက်တာအမှန်ပဲ။
ဒါကြောင့် အဖွဲ့အစည်း နိုင်ငံရေးကို ရှောင်ခဲ့တာပါ။ ဒါကို သတ္တိနည်းတယ်လို့ အပြစ်တင်ရင်လည်း ခံရမှာပဲ ဒါ ကျနော် အရိုးသားဆုံး ဝန်ခံခြင်းပဲ
တဖက်ကလည်း အဖွဲ့အစည်းနဲ့ မလုပ်ရင် တိုးတက်မှု အားမကြီးနိုင်ဖူး ဆိုတာကို နားလည်ပါတယ်။
ဒါပေမဲ့ ကျနော်အကျိုးပြုနိုင်တာ ရှိပါတယ် ။
ဘယ်အဖွဲ့အစည်း၊ ဘယ်ကွန်ယက်မဆို လူတဦးချင်း အလွန်အကြွံမဖြစ်ရအောင် စည်းကမ်းနဲ့ဦးဆောင်လမ်းစဉ်တွေ ရှိရပါတယ်။ အခြေခံမူနဲ့ဘောင်ခပ်ပေးထားမှ အစွန်းကိုမရောက်ဘဲ တိုးတက်မှုနဲ့ အောင်မြင်မှုဆိုတာတွေရှိ နိုင်ပါတယ်။ ဒီနေရာတွေ မှာ ကူညီရင်း၊ ကျနော် ကိုယ်နိုင်တဲ့ အပိုင်းက ဝင်ပံ့ပိုးရဖို့ ဝန်မလေးပါဖူး။
နောက်တခု အားလုံးကိုစဉ်းစားစေချင်တာက တကယ် ခေါင်းဆောင် လုပ်ချင်သပ ဆိုရင် အဝေးကအော်နေကြရုံနဲ့ မရနိုင်ပါဖူး။ ပြည်တွင်းမှာ အခြေပြုမှ အလုပ်ဖြစ်မှာပါ။ ပြည်တွင်းမှာ ယူဂျီကွန်ယက်မရှိဘဲ ဘယ်သူမှ မလှုပ်ရှား မရှင်သန် နိုင်ပါဖူး ဘာလုပ်လုပ် ငွေ မရှိဘဲနဲ့ မရနိုင်ပါ။
ဒါကိုကောင်းကောင်းနားလည်တဲ့ ဗိုလ်ချုပ်တွေက ငွေ ရပေါက်အားလုံး ကိုချုပ် ကိုင်ထားပြီး လူတွေရုံးကန်နေရမှ နိုင်ငံရေးမလုပ်နိုင်အောင် စီစဉ်ထားတာပါ။
နိုင်ငံအသီးသီးမှာ ပြန့်နေကြတဲ့ ကျနော်တို့နိုင်ငံသားတွေ ဝင်ငွေကိုယ်စီရှိကြတဲ့ ဗမာဖြစ်ဖြစ် ဗမာနိုင်ငံသားဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် မြန်မာနိုင်ငံသားဖြစ်ဖြစ် ကိုယ်နိုင်ငံကိုယ့်ပြည်သားတွေ ဒီလောက်ဆင်းရဲ ပြီး စစ်ဖိနပ်အောက်က စစ်ကျွန်ဘဝက လွပ်မြောက်စေချင်တဲ့ ဆန္ဒမရှိကြတော့ ဖူးလား။
စစ်အာဏာရှင်အောက်က မလွတ်သ၍ ကျနော်တို့အားလုံး တိုင်ပြည်ရောလူမျိုး ပါ ဆင်းရဲတွင်းနက်နေဦးမှာပဲ။
မြန်မာပြည်ထဲမပြောနဲ့၊ နယ်စပ် (သို့) နီးစပ်တဲ့ ထိုင်းနိုင်ငံမှာနေရ တာတောင် ထိတွေ့မှုချင်း မတူပါ။
တိုးတက်တဲ့နိုင်ငံတွေရဲ့ ကောင်းမွန်တဲ့ အသီးအပွင့်တွေကိုခံစားရင်း သာယာမှုတွေကို အပြီးအပိုင် မစွန့်လွှတ်နိုင် သေးရင်တောင်၊ ကိုယ့်နိုင်ငံကိုယ်လူမျိုး မကွယ်ပျောက်ရေး အတွက် လူတိုင်းမှာတာဝန် ကိုယ်စီရှိတယ်ဆိုတာ သတိရှိကြရင် အားလုံးစုပြီး ငွေ ရှာကြ။ နောက်တဆင့် (၆) လ၊ တနှစ်၊ နယ်စပ်လာပြီး ကူကြနဲ့။ တော်လှန်ရေး အစ ရှာရရာက အရှိန်ရလာပြီး လူတွေပါလာတာကို ကျနော်မသေခင် မှာမြင်လိုတာ ကျနော့် ဆန္ဒပါ။
ကျနော်တို့ နိုင်ငံစစ်ကျွန်ဘဝမှ လွပ်မြောက်ရ ပါစေသောဝ်
ဘိုဘိုကျော်ငြိမ်း